စက်မှုဇုန်မြေမှာ ခြံစည်းရိုးကာနေ တာတွေရပ်ဖို့ ဝန်ကြီးချုပ် ညွှန်ကြား


2016.08.15
rakhine-land-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်အနီးက သိမ်းဆည်းထားတဲ့ မြေယာတွေမှာ ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က ဆတ်ရိုးကျရပ်ကွက်အနီး စက်မှုဇုန်တည်ထောင်ဖို့ သိမ်းယူထားတဲ့ မြေနေရာတွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် အစိုးရဌာနဆိုင်ရာ အကြီးအကဲတချို့က ခြံစည်းရိုးကာရံနေတာတွေကို ရပ်တန့် ထားဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု က ညွှန်ကြားလိုက်ပါတယ်။

စစ်တွေခရိုင်အုပ်ချုပ်ရေးမှူးကတစ်ဆင့် တားမြစ်စာထုတ်ပြန်ဖို့ မနေ့က ညွှန်ကြားလိုက်တာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

"လယ်သမားတွေရဲ့ နစ်နာချက်တွေအပေါ်မှာ ပြန်စိစစ်ပြီးတော့ လိုအပ်သလို ဆောင်ရွက်ပေးသွားဖို့ရှိ တယ်၊ ပြန်ပြီးတော့စိစစ်မယ်ဆိုတာ လယ်သိမ်းတာလား သိမ်းထားတယ်ဆိုရင်လည်းသင့်တော် တဲ့လျော်ကြေးပေးရမှာပဲ၊ မသိမ်းတာဆိုရင် မသိမ်းတဲ့အတိုင်း လယ်သမားတွေ ပြန်ပိုင်ဆိုင် ရမှာပေါ့၊ ပြည်နယ်ဝန်ကြီးချုပ်ကနေ ခရိုင် အုပ်ချုပ်ရေးမှူးကို မြေယာနဲ့ပတ်သက်ပြီးတော့ ကာရံနေတဲ့အကာအရံတွေကို အခုစိစစ်နေတဲ့ကာလမှာ မလုပ်ဖို့ အမိန့်ထုတ်ဖို့ညွှန်ကြားခဲ့တာ"

စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်နဲ့ ကျေးတောကျေးရွာအုပ်စုမှာ စက်မှုရပ်ကွက်အဖြစ် အကောင်အထည်ဖော်ဖို့ သိမ်းဆည်းခဲ့တဲ့ မြေဧက ၅၀၀ ကျော်မှာ လယ်ယာမြေဧက ၃၀၀ ကျော်ပါဝင်ပါတယ်။

စီမံကိန်း အကောင်အထည်ဖော်တာမရှိသေးတဲ့ မြေယာတွေပေါ်မှာ လုပ်ငန်းရှင်တွေနဲ့ အစိုးရဌာနဆိုင်ရာ အရာရှိတွေက အိမ်ခြံမြေတွေအဖြစ် ခြံစည်းရိုးကာရံနေကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီအထဲက မြေယာဧက ၁၄၀ ကျော်ကို ပြန်ပေးဖို့ သိမ်းယူခံထားရတဲ့ တောင်သူတွေက တောင်းဆိုနေ တာကြောင့် မနေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေက ကွင်းဆင်းစိစစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြု လုပ်သွားမယ့်အကြောင်း တောင်သူတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။