မင်းပြားနဲ့ အမ်းမှာ မြေမြှုပ်မိုင်းနင်းမိလို့ အရပ်သားနှစ်ဦး သေဆုံး
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပန်းမြောင်းရွာက အသက် ၆၇ နှစ်အရွယ် ဦးအောင်သာ ထွန်းနဲ့ အမ်းမြို့နယ်၊ ဒါးလက်မြောက်ရွာက အသက် ၃၀ အရွယ် ဦးသန်းမင်းနိုင်တို့ဟာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီမြေမြှုပ်မိုင်းတွေဟာ ရခိုင်ပြည်နယ်တိုက်ပွဲကာလအတွင်း စစ်တပ်က ထောင်ထားခဲ့တဲ့ မိုင်းအကြွင်းအကျန်တွေ ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဦးသန်းမင်းနိုင်ဟာ မေလ ၁၄ ရက်နေ့က ဒါးလက်မြောက်ရွာထဲက ဥယျာဉ်ခြံမြေထဲမှာ မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့ရသလို ဦးအောင်သာထွန်းဟာလည်း မေလ ၁၅ ရက်နေ့မှာ ပန်းမြောင်းရွာနဲ့ လေးမိုင်ဝေးတဲ့ သူ့ရဲ့ လယ်ထဲမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့ရပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေ မဖြစ်ပွားပေမယ့် စစ်တပ်က အရင်တိုက်ပွဲကာလအတွင်း ထောင် ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ ရှိလာနေပါတယ်။
ဒီမိုင်းတွေဟာ စစ်တပ်ဘက်က ထောင်ထားခဲ့တဲ့မိုင်းတွေလို့ AA ကပြောထားပေမဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့ထောင်ထားတဲ့ မိုင်းတွေမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
"မိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ ယခင်နှစ်တွေတုန်းက တိုက်ပွဲတွေ များစွာ ဖြစ်ခဲ့တယ်။ ထိတွေ့မှု များစွာဖြစ်ခဲ့တယ်။ ထိတွေ့မှုများစွာ ဖြစ်ခဲ့တဲ့အခါမှာ အဲဒီမိုင်းတွေကို အသုံးချမှုအများဆုံးက ဘယ်သူလဲဆိုတာ သူတို့အသိဆုံးပဲ ဖြစ်ပါတယ်။ တောကြိုတောင်ကြားမှာတောင် မဟုတ်ဘူး ရန်ကုန် ၊ စစ်တွေလို ကားလမ်းမမှာတောင် မိုင်းထောင်ခဲ့လို့ ခရီးသည်ယာဉ်ကားတွေ မိုင်းထိခဲ့တာတွေ၊ မိုင်းတွေ ဖော်ထုတ်တွေ့ရှိ လို့ သတင်းထုတ်ပြန်ခဲ့တာတွေမှာ တွေ့နိုင်ပါတယ်"
လက်ရှိ စစ်တပ်နဲ့ AA တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေရှိနေလို့ အချိန်မရွေးတိုက်ပွဲ ပြန်ဖြစ်နိုင်တဲ့အတွက် အရပ်သားပြည်သူတွေအနေနဲ့ စစ်တပ်အနီးမှာ သွားလာလှုပ်ရှား တာတွေ မလုပ်ဖို့လည်း AA ရဲ့ ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။