ရခိုင်ပြည်နယ် သယံဇာတ ခွဲဝေသုံးစွဲခွင့် အစိုးရသစ်ထံ တင်ပြတောင်းဆိုမည်


2016.04.19

ရခိုင်ပြည်နယ်က သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေ ခွဲဝေသုံးစွဲခွင့်ရရှိရေးအတွက် အစိုးရသစ်ထံ တင်ပြတောင်းဆိုဖို့ ရခိုင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်က ဦးဆောင်ပြီး မြို့နယ် ၁၇ မြို့နယ်မှာ လက်မှတ်တွေ စတင်ကောက်ယူနေပါတယ်။

ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်း မလိုက်လျောနိုင်ခဲ့တဲ့ တောင်းဆိုချက်တွေကို အစိုးရသစ်ဆီ ဆက်လက်တောင်း ဆိုမှာဖြစ်တယ်လို့ လက်မှတ်စုဆောင်းရေး ဦးဆောင်လှုပ်ရှားမှုကော်မတီမှာ ပါဝင်တဲ့ ကျောက်ဖြူဒေသခံ ကိုထွန်းကြည် က ပြောပါတယ်။

"ကျနော်တို့လက်မှတ်စုဆောင်းတဲ့ အဓိကအကြောင်းအရာကတော့ သယံဇာတခွဲဝေမှုပါပဲ၊ ကျနော်တို့ ၅ နှစ်တာကာလကိုကျော်လာတဲ့အထိ ညီလာခံကနေ တောင်းဆိုထားတဲ့အချက်တွေကို သိသိသာသာ အစိုးရကလုပ်ပေးလာတာမရှိဘူး၊ သယံဇာတအားလုံးကို နိုင်ငံတော်ကသာပိုင်သည် ဆိုတဲ့အချက်ကို ကျနော်တို့ကပြန်ပြီးတော့ စဉ်းစားပေးဖို့ရယ်၊ နောက်တစ်ချက်က သယံဇာတတွေကို ခွဲဝေပေးဖို့ရယ် အဲ့ဒီအချက်တွေကို တောင်းဆိုဖို့အတွက် ကျနော်တို့စုဆောင်းနေတာပါ"

လက်မှတ်စုဆောင်းတဲ့လှုပ်ရှားမှုကို ကျေးရွာတွေအထိ ဖြန့်ကျက်ထားပြီး လာမယ့် ဇွန်လအထိ ကောက်ယူမှာဖြစ် ပါတယ်။ စုဆောင်းရရှိတဲ့ လက်မှတ်တွေကို ဇွန်လအတွင်းမှာ ပြည်ထောင်စုအစိုးရထံ ပေးပို့တောင်းဆိုသွား မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီလက ကျောက်ဖြူမြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားညီလာခံမှာ ရခိုင်ဒေသကထွက်ရှိတဲ့ သယံဇာတတွေရဲ့ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်း ကို ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျှဝေပေးဖို့နဲ့ သယံဇာတခွဲဝေသုံးစွဲရေးနဲ့ပတ်သက်ပြီး ဥပဒေတွေ ပြဌာန်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။