မုန်တိုင်းကြောင့်ပျက်စီးခဲ့တဲ့ ကျောက်တော်မြို့ လမ်းပိုက်ခွင်ရွာ အကူအညီတွေလိုအပ်နေ
2023.05.21

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရွာလုံးကျွတ်နီးပါးပျက်စီးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက လမ်းပိုက်ခွင်ရွာမှာ စားနပ်ရိက္ခာနဲ့ နေထိုင်ဖို့ အမိုးအကာတွေလိုအပ်နေတယ်လို့ လမ်းပိုက်ခွင်ရွာခံတွေက RFA ကို ပြောပါတယ်။
မုန်တိုင်းကြောင့် အဲဒီရွာမှာနေအိမ် ၁၁၀ ရှိတဲ့အနက် နေအိမ်ပေါင်း ၉၅ လုံးပျက်စီးခဲ့ပြီး ကျေးရွာမူလတန်း စာသင်ကျောင်းပါ ပျက်စီးသွားပြီလို့ ဒေသခံတွေကပြောပါတယ်။
နေအိမ်ပျက်စီးခဲ့တာကြောင့် ဒေသခံတွေဟာ စားသောက်ဖို့အတွက် တစ်ဦးနဲ့တစ်ဦး ဝေမျှစားသောက်နေရသလို အပျက်အစီးတွေကြားမှာပဲ ဖြစ်သလိုနေထိုင်ကြရတယ်လို့ လမ်းပိုက်ခွင်ရွာခံ မောင်စံသိန်းမြင့်က RFA ကို ပြောပါတယ်။
“အမိုးအကာတွေပြန်လုပ်ဖို့ သွပ်ပြားကလည်းတစ်ချပ်ကို တစ်သောင်းကျော်နေပြီ။ အဲဒါနဲ့ တာလပတ်တွေမိုးဖို့ လုပ်မယ်ဆိုတော့လည်း တစ်လိပ်ကို တစ်သိန်းကျော် ဖြစ်တော့ မတတ်နိုင်ဘူး။ အပျက်အစီးတွေလိုက်စုပြီး ကောင်းတဲ့ဟာတွေနဲ့ ပြန်မိုးပြီးနေကြတယ်။ စားနပ်ရိက္ခာလည်း တစ်အိမ်နဲ့တစ်အိမ် မျှစားကြရတာပေါ့။ ကျွန်တော်တို့ရွာမှာ အခုထိဘာအကူအညီမှ မရသေးပါဘူး”
ဒါ့အပြင် ကျောင်းသား ၅၀ နီးပါးတက်ရောက်နေတဲ့ မူလတန်းစာသင်ကျောင်းပါ ပျက်စီးသွားခဲ့ပြီး ပြုပြင်ဖို့ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်းပေါင်း ခုနစ်သောင်းအသုံးပြုဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီထံ မေလ ၁၅ ရက်ကပေးခဲ့သလို ပြန်လည် ထူထောင်ရေးတွေ လုပ်ရာမှာ မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင်လုပ်မယ်လို့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တွေကို စစ်ကောင်စီက သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် မေလ ၁၅ ရက်က ကြေညာထားပါတယ်။