ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ NGO အရေး မပြေလည်သေး


2013.12.21
msf-protest-305.jpg AZG(MSF)အဖွဲ့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က စစ်တွေဆေးရုံ ကြီးဝင်းထဲမှာ ဆန္ဒပြနေကြသော ဒေသခံတချို့ကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ်မှာ လူမှုရေး အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အစည်းတွေဟာ မွတ်စလင် ဘာသာဝင်တွေကိုသာ ဦးစားပေး ဘက်လိုက်ကူညီနေ တယ်ဆိုပြီး အခုသတင်းပတ်တွေအတွင်း ဒေသခံတွေ ဆန္ဒပြခဲ့ကြဖို့သလို၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ ကလည်း မြောက်ဦးမြို့ ဒေသခံတွေက ကြေညာချက် ထုတ်ပြန်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားထွက်သွားဖို့ တောင်းဆို ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC  နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF တို့ဟာ  ဒီဇင်ဘာလ ၈ ရက်နေ့က မြောက်ဦးမြို့ဒေသခံတွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြေလည်မှု မရရှိတဲ့အတွက် သဘောထားကြေငြာချက်ထုတ်ပြန်ပြီး ထွက်သွားပေးဖို့ တောင်းဆိုရတာလို့ ကြေညာချက် ထုတ်ပြန်ရာမှာပါဝင်တဲ့ မြောက်ဦးမြို့ခံ ကိုထွန်းထွန်းက ပြောပါတယ်။

စစ်တွေမြို့က မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးသန်းထွန်းကလည်း နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေဟာ ဘက်လိုက်ပြီး ကူညီပေးရာရောက်ကြောင်း ရခိုင်တိုင်းရင်းသားတွေဘက်က ရှုမြင်ကြတာကြောင့် ကန့်ကွက်နေကြတာဖြစ်သလို ဒေသခံတွေရဲ့အမြင်ကို ရှင်းလင်းအောင်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကတော့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူတွေအပေါ် အခြေခံပြီး ကူညီပေးနေတာဖြစ်တဲ့အတွက် ဒေသခံတွေ သိရှိနားလည်အောင် ကြိုးစားပေးဖို့ လိုအပ်ကြောင်း အကြံပြုပြောဆိုပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။