ဒုက္ခသည်တွေ ပြန်လက်ခံမယ့်နေရာကို ပြည်ထောင်စုဝန်ကြီး စစ်ဆေး


2017.12.21
winmyataye-maungtaw-622 မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့အဖွဲ့ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နဲ့ အစိုးရတာဝန်ရှိသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ မွတ်စလင်တွေကို ပြန်လည်လက်ခံမယ့် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲနဲ့ ငခူရကျေးရွာတွေကို ဒီနေ့ သွားရောက်စစ်ဆေးခဲ့ ပါတယ်။

တောင်ပြိုနဲ့ ငခူရကျေးရွာ နှစ်နေရာမှာ ဒုက္ခသည် ပြန်လည်လက်ခံရေးစခန်းတွေ တည်ဆောက်နေတာဖြစ်ပြီး လာမယ့်ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ ပြီးစီးမယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ တဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပထမဆုံးစိစစ်လက်ခံပြီး မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ အိုးထိန်းကျေးရွာမှာ နေရာချထားပေးသွားမယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ မြိုတိုင်းရင်းသားကျေးရွာသစ် တည်ဆောက်နေတဲ့ သစ်တုံးနားခွဆုံကျေးရွာကို သွားရောက်ခဲ့သလို လှဖိုးခေါင်ကျေးရွာအနီးက ပြန်လည်နေရာချထားရေး ဆောင်ရွက်မယ့်နေရာတွေကိုပါ သွားရောက်ခဲ့ပါတယ်။

လှဖိုးခေါင်ကျေးရွာအနီးမှာ တဘက်နိုင်ငံက ပြန်လည်လက်ခံတဲ့သူတွေကို သူတို့ရဲ့ မူလနေရပ်တွေဆီမပို့ခင် ယာယီကြားစခန်းနဲ့ ထားရှိမယ့်နေရာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူဝင်ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်နဲ့ UNHCR က ကိုယ်စားလှယ်တစ်ဦးတို့လည်း အတူလိုက်ပါခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။