ရခိုင်လုံခြုံရေးအဆို ပြည်သူ့လွှတ်တော် မှတ်တမ်းတင်
2017.08.24

ရခိုင်ပြည်နယ်မှာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအစီအမံတွေ ချမှတ်အကောင်အထည်ဖော်ဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ အတည်ပြုမယ့်ဘက်က ရှုံးနိမ့်သွားတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိလိုက်ပါတယ်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်က ဒေါ်ခင်စောေ၀ တင်သွင်းတဲ့ အဲဒီအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးက ၂ ရက်တာဆွေးနွေးအပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ ၂၃၂ မဲသာရတဲ့အတွက် မှတ်တမ်းအဖြစ်သာ ထားရှိလိုက်တာပါ။
တပ်မတော်သား သုံးဦးအပါအဝင် အဆိုကိုထောက်ခံတဲ့ ကိုယ်စားလှယ်တွေက ရခိုင်အရေးဟာ တရားဥပဒေ စိုးမိုးရေးပြဿနာထက် အချုပ်အခြာအာဏာကို ထိပါးလာတဲ့အကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အရ ဆောင်ရွက်သင့်တယ်ဆိုပြီး အဆိုကို ထောက်ခံဆွေးနွေးကြပါတယ်။
အဆိုကိုမှတ်တမ်းအဖြစ်ထားဖို့ ဆွေးနွေးသူအချို့က ရခိုင်အရေးကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်နေတဲ့အကြောင်း၊ အစိုးရ၊ တပ်မတော်၊ ပြည်နယ်အစိုးရ အားလုံးပူးပေါင်းဆောင်ရွက်နေတယ် လို့ ဆွေးနွေးကြပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ရခိုင်အရေးကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရတို့ လိုအပ်တဲ့ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေသလို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကလည်း ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် မှတ်တမ်းအဖြစ်သာထားဖို့ ပြောကြားခဲ့ပါတယ်။