RCSS/SSA အဖွဲ့ တပ်သားသစ် အဓမ္မစုဆောင်းမှု ရှမ်းရွာ သားတွေ ထောင်နဲ့ချီထွက်ပြေး
2015.05.28

ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA အဖွဲ့က လွိုင်လင်နဲ့ နမ့်စန်မြို့နယ်တွေက ကျေးရွာတွေမှာ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျေးရွာတွေမှာ လူငယ်တိုင်းဟာ တပ်သားသစ်အဖြစ် စုဆောင်းခံနေရတယ်လို့ RCSS/SSA အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်းမှုကြောင့် ထွက်ပြေးလာကြသူတွေကို ယာယီနေရာချထားပေးနေတဲ့ နမ့်စန်မြို့ ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအဖဲ့ွ တွဲဖက်အတွင်းရေးမှူး ခွန်တမောင်က ပြောပါတယ်။
"ဖမ်းဆီးစုဆောင်းနေတုန်းဆိုတော့ နေစဉ်နဲ့အမျှ ကျနော်တို့ဆီမှာ စာရင်းတိုးပါတယ်၊ သူတို့ ဒီရောက်လာ ပြီးနေရတာ ကျွဲ၊ နွားတွေ၊ ထွန်စက်တွေ၊ အိမ်တွေ ပစ်ထားရတဲ့ အခြေအနေတွေရှိပါတယ်၊ တစ်ယောက် နှစ်ယောက်လောက် ရွာကို အခြေအနေ ပြန်ကြည့်တဲ့လူတွေလည်းရှိပါတယ်၊ နောက် ဒီရောက်လာတဲ့သူတွေကတော့ ကလေး၊ လူကြီး၊ အမျိုးသမီးတွေရော နောက်ကျောင်းသူ ကျောင်းသား အရွယ်လေးတွေပါတယ်လေ၊ ခါတိုင်းနှစ် တပ်သားသစ်စုဆောင်းတာကတော့ ဒီလိုမျိုးရွာလုံးကျွတ် ထွက်ပြေးတာတော့မရှိဘူး"
တပ်သားသစ် စုဆောင်းတဲ့အဖွဲ့ဟာ RCSS/SSA တောင်ပိုင်း ဗိုလ်မှူးနန္ဒော ဦးဆောင်တဲ့အဖွဲ့ဖြစ်ကြောင်းသိရပြီး ဒီကိစ္စနဲ့ပတ်သက်လို့ RCSS တောင်ကြီးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးစိုင်းဦးကို RFA က ဆက်သွယ်မေးမြန်းပေ မယ့် ဖြေကြားခြင်းမရှိပါဘူး။
လက်ရှိ RCSS ထိန်းချုပ်နယ်မြေက ပန်ခန်ယာယီစခန်းမှာ ဖမ်းဆီးခံထားရတဲ့ လူငယ် ၅၀ကျော်လောက်ရှိတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ နှစ်ဦးက ပြောပါတယ်။
နမ့်စန်မြို့နယ် နောင်ဘို၊ ဈေးကုန်း၊ လိုင်းခါး၊ ဥမာန်၊ ငိုကောင် စတဲ့ရွာတွေမှာ RCSS/SSA အဖွဲ့က တပ်သားသစ် စုဆောင်းနေတဲ့အတွက် အဲဒီကျေးရွာတွေက အမျိုးသား ၉၀ လောက်ဟာ နမ့်စန်မြို့ အောင်ဇဗ္ဗူကျောင်းတိုက်မှာ သွားရောက်ခိုလှုံနေကြပါတယ်။