RCSS/SSA က ဖမ်းဆီးသွား တဲ့ ဒေသခံ ၅၀ ကို ပြန်လွှတ်ပေးဖို့ တပ်မတော် က အကြောင်းကြား


2016.09.19
shan-refugees-620.jpg RCSS/SSA အဖွဲ့ရဲ့ တပ်သားသစ် စုဆောင်းမှုကြောင့် ထွက်ပြေးလာကြသူတွေကို မေလ ၂၈ ရက်နေ့က နမ့်စန်မြို့၊ အောင်ဇဗ္ဗူကျောင်း တိုက်မှာ တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်တိုက်နယ်အနီးတဝိုက် ကျေးရွာတွေက ဒေသခံ ၅၀ ခန့်ကို မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက် ဒေသခံတွေ ကို ပြန်လွှတ်ပေးဖို့ အစိုးရဘက်က တောင်းခံထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင်က ပြော ပါတယ်။

RCSS/SSA ဘက်က မူးယစ်ဆေးဝါးဖြတ်ဖို့ခေါ်ဆောင်သွားခဲ့တယ်လို့ ပြောပေမယ့် အစိုးရဘက်က လူသစ်စုဆောင်းတယ်လို့သာခံယူကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။

"နမ့်လန်မြို့ပေါ်ကြီးကတော့ မဟုတ်ဘူး။ အဲ့အနီးနားရွာလေးတွေက သူတို့ကနေပြီးမှ လာပြီးတော့မှ ခေါ်သွား တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ခက်တာက သူတို့က လက်နက်ကိုင်ပြီး လာတာမျိုးတော့ မဟုတ်ဘူးပေါ့။ သူတို့ဟာ သူတို့ သူတို့အဆက်အနွယ်နဲ့ လာတာတွေရှိတယ်။ အရင်ကလည်း အဲလိုမျိုးလေးတွေရှိပါတယ်။ သူတို့ပြန်ပေး ရတယ်။ ပြန်ပို့ရတယ်။ ခေါင်းစဉ်ဘယ်လိုပဲတက်တက်ပေါ့။ ခေါင်းစဉ်ကတော့ မူးယစ်ဆေးဝါးဖြတ်တယ် လို့ပဲ ပြောပြော ကျနော်တို့ဒီဘက်ကတော့ ခံယူတာတော့ တပ်သား၊ လူသစ်စုတယ်လို့ ခံယူတာပေါ့။"

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ဆက်ဆံရေးရုံးကို တပ်မတော်နဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့တွေက ဒေသခံတွေကို ပြန်လွှတ်ပေးဖို့နဲ့ ပြန်မလွှတ်ပေးဘူးဆိုရင် ဥပဒေအရ အမှုဖွင့်အရေးယူသွားမှာဖြစ်ကြောင်း အကြောင်းကြားထား ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

RCSS/SSA တပ်ဖွဲ့အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဒေသခံတွေကို မူးယစ်ဆေးဝါးဖြတ်ဖို့ သင်တန်းတွေပေးမယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်လေ့ရှိကြောင်းနဲ့ အရင်က ခေါ်ဆောင်ခဲ့တာတွေကို ပြန်လွှတ်ပေးတာတွေရှိတယ်လို့လည်း ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှ၊ ပြန်ကြားရေးဌာန တာဝန်ခံ စိုင်းကျော်၊ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုင်းဦးတို့ကို ဆက်သွယ်မေးရာမှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ ဒေသခံတွေကို ဖမ်းဆီးထိန်းသိမ်းထားတာကို အတည်ပြုပေမယ့် သတင်းအသေးစိတ် ကို ဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။