နမ္မတူမှာ ရှမ်းနဲ့ တအာင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေ

နေမျိုးထွန်း
2021.01.07
နမ္မတူမှာ ရှမ်းနဲ့ တအာင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေ
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ နမ့်မတ်ရွာအနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တိုက်ပွဲတွေ ဖြစ်နေလို့ ဒေသခံ ၉၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ကစတင်တဲ့ တိုက်ပွဲတွေဟာ ဇန်နဝါရီလ ၆ ရက်နေ့ မနေ့ကအထိ တိုက်ပွဲဆက်ရှိ နေတာပါ။

တိုက်ပွဲကြောင့် နမ္မတူမြို့နယ်ထဲက မိုင်းဟုန်၊ ညောင်ဆွယ်၊ လုပ်လေ၊ ပန်ချင်၊ နမ့်မတ် စတဲ့ကျေးရွာတွေက စစ်ရှောင် ၈၉၀ ကျော်ဟာ အဲဒီမြို့နယ်ကပဲ နားဆိုင်းနဲ့ မန်စံ စစ်ရှောင်စခန်းတွေမှာ ရောက်နေတယ်လို့ နမ္မတူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက RFA ကိုပြောပါတယ်။

လက်ရှိ ဆောင်းရာသီဖြစ်တာကြောင့် စစ်ရှောင်တွေအတွက် အနွေးထည်တွေ၊ စောင်၊ အခင်းတွေတော့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။

RCSS နဲ့ TNLA တပ်ဖွဲ့တွေက တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်နေပေမယ့် အဆက်အသွယ် မရသေးပါဘူး။

အခုလိုတိုက်ပွဲတွေ ဖြစ်ရတာဟာ နယ်မြေကျော်လွန် စစ်ရေးလှုပ်ရှားမှုအပေါ်အခြေခံပြီး ဖြစ်တာလို့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက ဒီဇင်ဘာလ ၂၈ ရက်နေ့ကပဲ RFA ကို ပြောထားပါတယ်။

အခုတိုက်ပွဲတွေဟာ တိုင်းရင်းသားအချင်းချင်းကြားဖြစ်နေတဲ့ တိုက်ပွဲတွေဖြစ်နေတာကြောင့် ငြိမ်းချမ်းတဲ့ နည်းနဲ့ အချင်းချင်းညှိနှိုင်းဆွေးနွေး ဖြေရှင်းစေချင်တယ်လို့ တအောင်းအမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချှီဆငါး က ပြောပါတယ်။

TNLA နဲ့ RCSS တို့ ဇန်နဝါရီလ ၅ ရက်နေ့က ညောင်ဆွယ်ကျေးရွာအနီး၊ ဇန်နဝါရီလ ၂ ရက်နေ့က ပန်ချင်ကျေးရွာအနီးတွေမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ညောင်ဆွယ်ကျေးရွာအနီး တိုက်ပွဲကြောင့် အဲဒီရွာက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး လက်နက်ကျည် မှန်သေဆုံးခဲ့ပြီး နေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် လွယ်အံကျေးရွာ အုပ်စုအတွင်း RCSS နဲ့ TNLA တပ်ဖွဲ့ တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ပန်လော့ရွာ အပါအဝင် အနီးအနားက ရွာသူရွာသားတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးရတာတွေရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။