ရှမ်းပြည်နယ် မူးယစ်အစားထိုးစီမံကိန်း အစိုးရပံ့ပိုးမှု အားနည်း
2013.12.23

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ UNODC အဖွဲ့တို့ သဘောတူထားတဲ့ ရှမ်းပြည်နယ်က မူးယစ်အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖေါ် မှုတွေမှာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း RCSS အဖွဲ့က ဒီနေ့ ရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
RCSS ၊ အစိုးရနဲ့ UNODC တို့ သုံးပွင့်ဆိုင်လက်တွဲပြီး မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးလုပ်ငန်းတွေကို ရှမ်းပြည်နယ်အတွင်း လက်တွေ့ကွင်းဆင်းလုပ်ဆောင် ရာမှာ အစိုးရဘက်က တားဆီးပိတ်ပင်တာတွေ ရှိနေတယ်လို့ RCSS အဖွဲ့က ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်က RFA ကိုပြောပါတယ်။
RCSS/SSA အဖွဲ့နဲ့ အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီးနောက် ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၂၇ ရက်နေ့က တာချီလိတ်မြို့မှာ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် UNODC နဲ့ သဘောတူညီချက် ၉ ချက် ရရှိခဲ့ပါတယ်။
အဲဒီသဘောတူညီချက်တွေထဲမှာ ရှမ်းပြည်နယ် မိုးနဲ၊ မိုင်းပန်မြို့တွေမှာ ဘိန်းစိုက်ပျိုးမှုတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စတွေမှာ ခန့်မှန်းလေ့လာကွင်းဆင်းလုပ်ဆောင်ဖို့၊ RCSS/SSA အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးရေး၊ ဘိန်းစိုက်ပျိုးမှုလျော့နည်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အသိပညာပေးစည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားရန်စတဲ့ အချက်တွေပါဝင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ အစိုးရဘက်က ဘိန်းအစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းအတွက် အလှူရှင်တွေနဲ့ ကွင်းဆင်းလေ့လာရာမှာ အရင်ကသဘောတူညီချက်တွေအတိုင်း မဟုတ်တော့ဘဲ RCSS ကိုဖိတ်ကြားခြင်း မရှိတော့သလို မိုင်းပန်မြို့ဘက်မှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် အချက်အလက်ကောက်ခံယူတဲ့ ခရီးစဉ်တွေမှာလည်း RCSS ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မပါဝင်စေဖို့ တားမြစ်ခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စတွေကို လက်ရှိသဘောတူထားတဲ့အတိုင်း လိုက်နာဆောင်ရွက်မှုတွေ မရှိသေးဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုပါ ထိခိုက်နိုင်တယ်လို့ RCSS/SSA က ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်က ပြောပါတယ်။
RCSS/SSA က ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။