နျူကလီယားလက်နက်အစီအစဉ် မရှိကြောင်း မြန်မာစစ်အစိုးရ ငြင်းဆို

မြန်မာစစ်အစိုးရဟာ နျူကလီယားလက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေဟာ အခြေအမြစ် မရှိတဲ့ လုပ်ကြံ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ စစ်အစိုးရ ကိုယ်စားလှယ် ခေါင်းဆောင် ဦးတင်ဝင်းက ကုလသမဂ္ဂ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ကို စက်တင်ဘာ ၂၃ ရက် မနေ့က ပြောလိုက်ပါတယ်။

2010.09.24
IAEA_HQ_flag_305_z.jpg ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တော်ရှိ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ဌာနချုပ် အဆောက်အအုံ ရှေ့တွင် IAEA အလံ လွှင့်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာနိုင်ငံမှာ နျူကလီယားသိပ္ပံနဲ့ နည်းပညာကို ငြိမ်ငြိမ်းချမ်းချမ်း တိုးတက် ဖွံ့ဖြိုးရေးအတွက်သာ သုံးစွဲဖို့ ဖြစ်ပြီး နျူကလီယားလက်နက်တွေ ထုတ်လုပ်ပြန့်ပွားရေးအတွက် ဘယ်တော့မှ ဆောင်ရွက်မှာ မဟုတ်ကြောင်း ထပ်လောင်း ပြောဆိုချင်ပါတယ်လို့ IAEA ညီလာခံမှာ ဦးတင်ဝင်းက ငြင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က မြန်မာစစ်အစိုးရရဲ့ နျူကလီယားလက်နက် ထုတ်လုပ်ရေး လျှို့ဝှက်အစီအစဉ်တွေကို ၅ နှစ်ကြာ စုံစမ်း စုဆောင်းပြီး ထုတ်ဖော်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရဟာ လောလောဆယ် နျူကလီယားလက်နက် ထုတ်လုပ်နိုင်ဖို့ အလှမ်းဝေးနေသေးပေမဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုမှာ အတော်အတန် ခရီးရောက်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့တာပါ။

ကုလသမဂ္ဂ အစီရင်ခံစာတစောင်မှာတော့ မြောက်ကိုရီးယားဟာ အီရန်နဲ့ ဆီးရီးယားတို့မှာလို မြန်မာကိုလည်း နျူကလီယားနဲ့ ဒုံးပျံနည်းပညာတွေ လျှို့ဝှက် အကူအညီပေးနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြောက်ကိုရီးယားဟာ မြန်မာကို နျူကလီယား နည်းပညာတွေ လွှဲပြောင်းပေးနေဖွယ် ရှိနေတဲ့အတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။