ဆန္ဒပြပွဲမှာ ကားနဲ့တိုက် ဖမ်းဆီးခံရသူ သတင်းသမားနှစ်ဦးကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို

ဒီဇင်ဘာလ ၅ ရက်နေ့က ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ဖြိုခွဲပြီးနောက် အဖမ်းခံလိုက်ရသူ သတင်းထောက် နှစ်ယောက်ကို ဘယ်လို ကန့်သတ်ချက်မျိုးမှ မထားဘဲ ချက်ခြင်းပြန်လွှတ်ပေးဖို့နဲ့၊ သူတို့အတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မီတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။
အကြမ်းဖက်ဖြိုခွဲပြီး ဒဏ်ရာအပြင်းအထန် ရအောင်ပြုလုပ်ခဲ့သူတွေကို ဖော်ထုတ်အရေးယူပေးရမယ်လို့ CPJ ရဲ့အရှေ့တောင်အာရှ အကြီးတန်း ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ စစ်အစိုးရဟာ သတင်းသမားတွေကို ရန်သူတွေလိုဆက်ဆံနေတာကို ရပ်ပစ်ရမယ်လို့လည်း သူကပြောပါတယ်။
Myanmar Pressphoto Agency (MPA) က ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့ ဗီဒီယို သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ဟာ ဆန္ဒပြပွဲ သတင်းယူနေချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။
စစ်ကားနဲ့အတင်းဝင်တိုက် ဖြိုခွဲပြီးတဲ့နောက် စစ်သားတွေရဲ့ရိုက်နှက်မှုကြောင့် မမှူးရတနာခက်မို့မို့ထွန်းဟာ ဦးခေါင်းမှာ ဒဏ်ရာရရှိသွားပြီး စစ်ဆေးရုံအမှတ် (၂) မှာ ခွဲစိတ်ကုသ ခံခဲ့ရပါတယ်။ ကိုကောင်းဆက်လင်း ဟာလည်း အဲဒီဆေးရုံမှာပဲ ရှိတယ်လို့ MPA အယ်ဒီတာချုပ်က ပြောပါတယ်။ သူတို့ကို ဘယ်လိုပုဒ်မတွေနဲ့ စွဲဆိုထားသလဲ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။