သံတွဲမှာ တစ်ကိုယ်တော်ဆန္ဒပြသူ အာမခံနဲ့ ပြန်လည်လွတ်မြောက်
2013.08.09

ရခိုင်ပြည်နယ် သံတွဲမြို့မှာ တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ရှစ်လေးလုံးငွေရတုနေ့ အထိမ်းအမှတ်အနေနဲ့ မနေ့က တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်တဲ့အတွက် ဖမ်းဆီးခံထားရသူ ကိုစိုးေဝကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ၁၈နဲ့ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ကိုစိုးဝေဟာ အာဏာပိုင်တွေဘက်က မတရားဖမ်းဆီးခဲ့တာကြောင့်ဆိုပြီး ဖမ်းဆီးခံရချိန်မှာ အာဏာပိုင်တွေပေးတဲ့ အစားသောက်တွေကို ငြင်းဆန်ခဲ့တယ်လို့ ကိုစိုးဝေရဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ သံတွဲမြို့ခံ ကိုမြင့်မိုးက RFA ကိုပြောပါတယ်။
“မနက် ၁၁ နာရီ ပတ်ဝန်းကျင်လောက် ထုတ်တယ်လေ၊ အဲဒီကထုတ်လာပြီးတော့ သူ့ရှေ့မှာ ဓားပြအမှုတွေရှိနေတော့ သူနည်းနည်းကြာနေတယ်၊ အခုမှ တရားရုံးရောက်တာပေါ့လေ၊ ပြီးသွားပြီခင်ဗျ အကုန်အာမခံပေးလိုက်ပြီ၊ အထဲမှာတော့ အစာကျွေးလည်း မစားဘူးခင်ဗျ၊ ထမင်းကျွေးလည်း သူမစားဘူးတဲ့၊ သူ့ကိုဖမ်းတယ်ဆိုတာ မတရားဖမ်းတယ်လို့ သူကယူဆနေတယ်”
ကိုစိုးေဝဟာ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး မနေ့က သံတွဲလေဆိပ်ကနေ ငပလီလမ်းဆုံအထိ တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒပြနေရာကနေ အာဏာပိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။
လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ကိုစိုးေဝရဲ့အမှုကို သံတွဲမြို့နယ်တရားရုံးမှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။