ပုသိမ်အကျဉ်းထောင်က စစ်ပြေး အကျဉ်းသား တစ်ရာကျော် ပြန်လွတ်

RFA Burmese
2023.12.08
ပုသိမ်အကျဉ်းထောင်က စစ်ပြေး အကျဉ်းသား တစ်ရာကျော် ပြန်လွတ် ဧရာ၀တီတိုင်း ပုသိမ်အကျဉ်းထောင်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
Citizen Journalist

ဧရာ၀တီတိုင်း ပုသိမ်အကျဉ်းထောင်ကနေ စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၁၀၃ ဦးကို ဒီဇင်ဘာလ ၇ ရက် အမျိုးသားနေ့မှာ ပြန်လွှတ်ပေးခဲ့ပြီး ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ ဒီဖြစ်စဉ်ကိုသိရှိတဲ့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။

အကျဉ်းထောင်က လွှတ်ပေးလိုက်ချိန်မှာပဲ သူတို့ရဲ့နေရပ်တွေကို မပြန်ခိုင်းဘဲ စစ်ကောင်စီတပ်က ကားလေးစီးနဲ့ လာရောက်ခေါ်ဆောင်သွားတာလို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။

"ပုသိမ်အကျဥ်းထောင်က မနေ့က ခေါ်ယူသွားတာချည်းပဲ ၁၀၃ ဦး။ ငပုတော ရဲဘက်စခန်းက ခေါ်ယူသွားတာက လေးဦးနဲ့ ကျန်တဲ့ ခရိုင်တွေက သူတို့ သွားခေါ်ကြမှာပေါ့ဗျာ။ ကျွန်တော်တို့ သိရသလောက်တော့ အကုန်လုံးဆိုရင် ၁၅၀ ဦးခန့်တော့ သိရပါတယ်”

မနေ့က တစ်ရက်တည်းမှာပဲ ငပုတောမြို့နယ် ငှက်ပေါက်ကုန်ထုတ် အကျဥ်းစခန်းမှာ စစ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားလေးဦးကိုလည်း လွှတ်ပေးခဲ့တယ်လို့လည်း ငပုတောဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ပြေးတွေ၊ နှစ်ကြီးသမားတွေကို သူတို့လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတော့ တစ်ဆင့်တိုးရာထူးတွေနဲ့ ရာထူးပြန်ထမ်းနိုင်ဖို့ဆိုပြီး ထုတ်သွားတာလေ"

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းနဲ့ ပုသိမ်အကျဥ်းထောင်ရဲ့ ထောင်မှူး ဦးအောင်ကျော်မြင့်တို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ခွင့်မဲ့နဲ့ စစ်ပြေးတွေအပြင် စစ်မှုထမ်းဟောင်းတွေက တာဝန်ပြန်ထမ်းဆောင်ဖို့ တောင်းဆိုတာတွေရှိခဲ့တာကြောင့် နီးစပ်ရာတပ်တွေမှာ စစ်မှုပြန်ထမ်းတာကို လက်ခံမယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

စစ်မှုထမ်းဖို့ ဆန္ဒပြုတဲ့ သာမန်ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးသွားမယ့်အကြောင်းလည်း ဒီထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြပါတယ်။

အဲဒီနောက်မှာတော့ အကျဉ်းထောင်ထဲက စစ်ပြေးမှုနဲ့ ထောင်ကျနေသူတွေကို ပြန်လွှတ်ပေးတာတွေရှိနေပြီး စစ်ကောင်စီတပ်ဟာ တပ်သားသစ်စုဆောင်းရေး အခက်တွေ့နေတာကြောင့် စစ်ပြေးနဲ့ ခွင့်မဲ့စစ်သားတွေကို အသုံးပြုလာတာလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။