ပြန်ကြားရေးအတွက် ပို့ချမယ့်သင်တန်းကို YJS ရပ်ဆိုင်း
2017.12.15

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် နှစ်ဦးနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြပုံကို မကျေနပ်တာကြောင့် ပြန်ကြားရေးလက်အောက်က Myanmar Digital News အဖွဲ့ကို သွားရောက်ပို့ချမယ့်သင်တန်းကို ရန်ကုန်သတင်းစာ ပညာသင်တန်းကျောင်း YJS က ရပ်ဆိုင်းထားလိုက်ပါတယ်။
အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ဖမ်းဆီးခံထားရတဲ့ သတင်းစာဆရာတွေကို နစ်နာစေတဲ့အတွက် သင်တန်းပို့ချမယ့် အစီအစဉ်ကို လက်ရှိအချိန်မှာ ရပ်ဆိုင်းထားလိုက်တာ ဖြစ်တယ်လို့ YJS အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲနိုင်မိုး က ပြောပါတယ်။
"ကျနော်တို့ ရိုက်တာက မိတ်ဆွေသတင်းထောက်ဆရာတွေ အဖမ်းခံရတာဖြစ်ပါတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရပိုင်းသတင်းစာတွေမှာ သတင်းထုတ်ပြန်တဲ့အခါမှာ အားလုံးသိပြီးကြတဲ့အတိုင်းပဲ ဓါတ်ပုံဖော်ပြမှုတွေ ရေးသားမှုပုံစံတွေက သတင်းစာဆရာ အဖမ်းခံရတဲ့အပေါ်မှာ နစ်နာမှုဖြစ်စေတယ်လို့ ကျနော်တို့ စိတ်ထဲမှာ ခံစားရပါတယ်။ ဒါကြောင့် အဲမှာသွားသင်မယ့် trainer နှစ်ဦးကနေပြီးတော့ အခုချိန် မှာတော့ ဒီသင်တန်းကို မလုပ်သေးဘူးဆိုပြီးတော့ ရပ်ဆိုင်းထားတဲ့ သဘောမျိုးပါ"
သတင်းသမားတွေ ဖမ်းဆီးခံရချိန်တိုင်းမှာ ဘယ်မှာထားမှန်း၊ ဘယ်ရောက်မှန်းမသိရတာဟာ သတင်းစာ ဆရာတွေကို တန်ဖိုးမထားဘူးဆိုတာ သိသာတဲ့အတွက် ဒီမိုကရေစီနိုင်ငံကို ဦးတည်မယ်ဆိုတဲ့ လမ်းကြောင်း တစ်ခုဟာ ဘယ်တော့မှ ရောက်မှာမဟုတ်ဘူးလို့လည်း ဦးရဲနိုင်မိုးက ဝေဖန်လိုက်ပါတယ်။
သတင်းသမားတွေကို ဖမ်းဆီးတဲ့အမှုတွေ များလာတဲ့အတွက် သတင်းမီဒီယာလုပ်ငန်းမှာ လူငယ်တွေအနေနဲ့ အကြောက်တရားတွေရှိလာပြီး မြန်မာနိုင်ငံမှာ သတင်းထောက်အလုပ်ဟာ အလွန်အန္တရာယ်ကြီးတဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်လာတဲ့ အနေအထားရှိတဲ့အတွက် စိုးရိမ်ကြောင်း ဦးရဲနိုင်မိုးက ပြောပါတယ်။
နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ စစ်ဆေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထား ပါတယ်။
ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူတွေကို ဆက်သွယ်ခွင့် မရသေးသလို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရှိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
သတင်းထောက်တွေကို ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးတို့က မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ စိုးရိမ်စရာရှိနေတယ်လို့ ပြောကြားခဲ့ သလို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဖမ်းဆီးခံ သတင်းထောက်တွေအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။
ပြည်တွင်းက သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ခုကလည်း ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ပူးပေါင်းထုတ်ပြန် တောင်းဆိုထားပါတယ်။