ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦး ကို စစ်ဆေး
2018.07.23
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးပါတယ်။
စစ်ဆေးမေးမြန်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က အခုလို ပြောပါတယ်။
"ကျော်စိုးဦးကတော့ စားသောက်ဆိုင်ကို ရောက်တဲ့အဆင့်ပဲရှိသေးတယ်။ စာရွက်စာတမ်းပေးတာနဲ့ ပတ်သက်ပြီးတော့ ထွက်ဆိုချက်က နက်ဖြန်မှ။ ဝလုံးရဲ့ ထွက်ဆိုချက် တောက်လျောက်က သူတို့သည် သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီလုပ်တယ်။ ဒီဟာက ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတာကို သေချာပြောသွားနိုင်တယ်"
အဲဒီအမှုအတွက် တရားရုံးထံ တင်ပြထားတဲ့ တရားခံပြသက်သေ ၆ ယောက်ရှိပြီး အဲဒီထဲက သတင်းထောက် ကိုဝလုံး ကို စစ်ဆေးပြီးဖြစ်ပါတယ်။
ဒီအမှုမှာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ငြိစွန်းတဲ့ စာရွက်စာတမ်းတွေကို တပ်ကြပ် နိုင်လင်းက ပေးတာဖြစ်တယ်လို့ ကိုဝလုံးက ထွက်ဆိုထားပါတယ်။ အရင်ကလည်း တရားလိုပြသက်သေတွေထဲက ဒုရဲမှူး မိုးရန်နိုင်က အလားတူ ထွက်ဆိုထားတာဖြစ်ပါတယ်။ ဒါပေမဲ့ တရားလို ရှေ့နေ ဦးကျော်မင်းအောင်က ကိုဝလုံး အနေနဲ့ တကယ်လို့ အဲဒီစာရွက်စာတမ်းပါ အကြောင်းအရာတွေ သောင်းကျန်းသူအဖွဲ့တွေဆီ ရောက်သွားရင် နိုင်ငံတော် အတွက် အန္တရာယ်ဖြစ်သွားနိုင်ပါသလားလို့ ထပ်မံမေးမြန်းခဲ့တာပါ။
တပ်ကြပ် နိုင်လင်းကတော့ တရားရုံးမှာ သက်သေအဖြစ် ထွက်ဆိုစဉ်က စာရွက်စာတမ်းတွေကို သူပေးတာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ ဒီအမှုမှာ တရားလိုပြသက်သေ ၂၃ ဦးကို စစ်ဆေးပြီးဖြစ်ပါတယ်။
မနက်ဖြန်မှာ တရားခံပြသက်သေ ကိုကျော်စိုးဦးကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။
ကျန်တဲ့ တရားခံပြသက်သေတွေကတော့ တယ်လီနော ဖုန်းအော်ပရေတာ ကုမ္ပဏီက တာဝန်ရှိသူတစ်ဦး၊ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို လိုက်လံပို့ဆောင်ပေးတဲ့ ယာဉ်မောင်း၊ ရန်ကုန်သတင်းစာ သင်တန်းကျောင်း YJS တည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုး၊ ကိုဝလုံးရဲ့ သူငယ်ချင်းဖြစ်သူ ကိုသန့်ဇင်စိုးတို့ဖြစ်ပါတယ်။
သတင်းထောက် နှစ်ဦးဟာ ရခိုင်ပြည်နယ် အင်းဒင်ရွာလူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းလိုက်နေကြစဉ်အတွင်း ဖမ်းဆီးခံခဲ့ရတာပါ။ တနင်္လာနေ့ ရုံးထုတ်အပြီးမှာ ကိုဝလုံးက ရခိုင်ကိစ္စ ဖေါ်ထုတ်ဖို့ ကြိုးစားခဲ့တာကြောင့် အခုလို လနဲ့ချီပြီး တရားစွဲခံရ၊ ဒုက္ခခံနေရတာဖြစ်ပေမယ့် ဥပဒေ ချိူးဖေါက်နေတာတွေကို မသိကျိုးကျွံပြုနေမယ်ဆိုရင် သတင်းသမား တစ်ယောက်အနေနဲ့ တာဝန်ကျေမှာမဟုတ်ကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။