သမ္မတရုံးခွင့်ပြုချက်နဲ့ သတင်းထောက် နှစ်ဦးကို တရားစွဲဆိုကြောင်း ပြော
2017.12.17

ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးကို သမ္မတရုံးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ဒီနေ့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ခွင့်ပြုချက်တောင်းခံတဲ့အတွက် သမ္မတရုံးဝန်ကြီးဌာနက ခွင့်ပြုတာဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
"ပြည်ထဲရေးက တင်တယ်၊ သမ္မတရုံးက ခွင့်ပြုထားတယ်၊ ဒီဟာဖြစ်တဲ့အတွက် ဒီပုဒ်မနဲ့စွဲတင်ရင် ခွင့်ပြု ချက်တောင်းတယ်၊ ခွင့်ပြုပေးတယ် စွဲထားတယ်၊ ကျနော်တို့က အခုချိန်မှာ ဒီမှုနဲ့ပတ်သက်လို့ ထင်မြင်ယူဆ ချက်တွေ ဘာမှပြောပေးလို့မရဘူး၊ ဘာကြောင့်လဲဆိုတော့ တရားရုံးကိုရောက်သွားတဲ့ ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့က တရားရုံးရဲ့အပေါ်မှာ သက်ရောက်မယ့် ဘာကိစ္စမှ ကျနော်တို့ ပြောလို့မရဘူး"
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၂ ရက်နေ့ညက ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးခေါ် ကိုသက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ကို အခုချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီးစစ်ဆေးနေ တယ်ဆိုတာ မိသားစုဝင်တွေ မသိရသေးပါဘူး။ မိသားစုနဲ့ တေ့ွဆုံခွင့်မရှိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနထံသာ မေးမြန်းဖို့ ဦးဇော်ဌေးက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေက တောင်းဆိုတာတွေ ရှိနေသလို မြန်မာ့သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။