ရိုက်တာ အမှု သက်သေထွက်ဆိုချက်တွေ ကွဲလွဲ


2018.07.30
reuters-reporters-jul30-622.jpg ရိုက်တာ သတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံးကို ၂၀၁၈၊ ဇူလိုင် ၃၀ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Htet Arkar/ RFA

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ အမှုမှာ သက်သေထွက်ဆိုချက်တွေ ကွဲလွဲနေတယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေ က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ရုံးထုတ်အပြီးမှာ ရှေ့နေ ဦးသန်းဇော်အောင် က တပ်ကြပ် နိုင်လင်း ထွက်ဆိုချက်နဲ့ ရိုက်တာ သတင်းဌာနက ယာဉ်မောင်း ထွက်ဆိုချက် ကွဲလွဲနေတာကို အခုလိုပြောပါတယ်။

"အဲဒါက တပ်ကြပ်နိုင်လင်းကတော့ ထွက်ဆိုသွားတာပေါ့၊ တကယ်တော့ အဲမှာအပြန်အလှန်မေးခွန်းတွေ မှာလည်း မေးပြီးသား ရုံးကကားနဲ့သွားတယ်ဆိုတာ၊ တကယ်လည်း သွားတာက ရိုက်တာရုံးကကားနဲ့ သွားတာပဲလေ၊ ကွဲလွဲမှုရှိတာပေါ့"

ဒီကနေ့ဟာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ၃၃ ကြိမ်မြောက် ရုံးထုတ်တာဖြစ်ပြီး တရားခံပြသက်သေအဖြစ် ကိုကျော်စိုးဦး နဲ့ ဖမ်းဆီးခံရစဉ်က ကိုဝလုံးတို့ကို လိုက်ပို့ခဲ့တဲ့ ရိုက်တာ သတင်းဌာနက ယာဉ်မောင်း ကိုမျိုးသန့်ထွန်း တို့ကို စစ်ဆေးတာဖြစ်ပါတယ်။

"ကျနော်တို့ ဒီနေ့ကတော့ တရားမျှတမှု ကျနော်တို့ဘာမှ အမှားမလုပ်ခဲ့တဲ့အပေါ်မှာတော့ သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်မှာ အခြေခံပြီးတော့ မျှမျှတတ ဆုံးဖြတ်ပေးမယ်လို့ မျှော်လင့်တယ်၊ ဒါပေမဲ့ စိုးရိမ်နေတာကတော့ ကျနော်တို့အမှုကြာရှည်စွာစစ်ဆေးပြီး လက်ရှိအချိန်အနေတွေအပေါ်မှာ သက်ဆိုင်ရာတရားစွဲတဲ့လူတွေက နိုင်ငံရေးအရ အမြတ်မထုတ်ဖို့ ကျနော်ဒါစိုးရိမ်မှုရှိနေပါတယ်"

သတင်းထောက် ကိုဝလုံးက သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်မှာ မျှမျှတတဆုံးဖြတ်ပေးဖို့ မျှော်လင့်ကြောင်း ပြော ပါတယ်။

တရားခံပြသက်သေ ၆ ဦး တင်သွင်းထားရာမှာ ၃ ဦးကို စစ်ဆေးပြီးဖြစ်တာကြောင့် အမှုကို လာမယ့် သြဂုတ်လ အတွင်း အပြီးသတ်နိုင်မယ်လို့ ရှေ့နေတွေက မျှော်လင့်နေကြပါတယ်။

အမှုအတွက် တရားလိုပြသက်သေ ၂၃ ဦးကို စစ်ဆေးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃၊ ၁(ဂ) နဲ့ စွဲချက်တင် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ကျန်ရှိတဲ့ သက်သေသုံးဦး ဖြစ်တဲ့ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီက တာဝန်ရှိသူတစ်ဦး၊ ကိုဝလုံးရဲ့ သူငယ်ချင်း ဖြစ်တဲ့ ကိုသန့်ဇင်စိုး နဲ့ ရန်ကုန်သတင်းစာပညာကျောင်းတည်ထောင်သူ သတင်းစာဆရာ ဦးရဲနိုင်မိုးတို့ကို လာမယ့် သြဂုတ်လ ၆ ရက်နေ့မှာ ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။