သတင်းထောက်နှစ်ဦး အဖမ်းခံရမှု MPC ကို အသိမပေး


2017.12.14
reuters-reporters-622.jpeg ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်မောင် (ခေါ်) ဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင် တို့ကို တွေ့ရစဉ်
Photo: MPA and Min Thein Aung/RFA

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာန သတင်းထောက် နှစ်ဦးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ MPC ကို ဒီကနေ့အထိ အသိပေးအကြောင်းကြားမှု တစ်စုံတရာ မရှိဘူးလို့ MPC ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်း က ပြောပါတယ်။

တရားစွဲဆိုတဲ့အဖွဲ့အစည်းကရော တရားစွဲဆိုခံရတဲ့ အဖွဲ့အစည်းဘက်ကရော တစ်စုံတရာ အကြောင်းကြားတာ မရှိသေးဘူးကြောင်းနဲ့ အကြောင်းကြားလာရင် လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်သွားမယ်လို့ MPC ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်း က RFA ကို ပြောပါတယ်။

"ဖမ်းဆီးတဲ့သူဘက်ကရော အဖမ်းခံရတဲ့သူဘက်ကရော ဘာမှ အကြောင်းကြားတာမရှိပါဘူး။ ကျနော်တို့ဆီကို ဘာမှဆက်သွယ်လာတာမရှိဘူး ကြားရတဲ့အဆင့်ပဲရှိတယ်။ MPC က ဥပဒေအရ အကြောင်းကြားလာမှ လုပ်ခွင့်ရှိတာပေါ့ အကြောင်းကြားလာခဲ့ရင် လုပ်သင့်လုပ်ထိုက်တဲ့အတိုင်း ဥပဒေအရ လုပ်သွားမှာပါ"

အမှုကို ရုံးတင်စစ်ဆေးလိုက်ပြီဆိုတာနဲ့ MPC အနေနဲ့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိတော့တဲ့အတွက် အဲဒီအဆင့်ကို မရောက်ခင် MPC အနေနဲ့ မေတ္တာရပ်ခံပေးနိုင်တာပဲရှိတယ်လို့ ပြောပါတယ်။

နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနရဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ စစ်ဆေးနေတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

သူတို့ဆီကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့ရဲ့ ကွပ်ကဲမှုအောက်က မြင်းလွတ် ရဲကင်းစခန်း သြဂုတ်လအတွင်းက တိုက်ခိုက်ခံရမှုတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ၊ လူ၊ လက်နက်ခဲယမ်း စာရင်းနဲ့ မြင်းလွတ်ရဲကင်းစခန်းရဲ့ မြေပုံကြမ်းစာရွက်တစ်ရွက်၊ အမှတ် (၈) လုံခြုံရေးတပ်ဖွဲ့ ကွပ်ကွဲတဲ့ဒေသမှာရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်တဲ့အခြေအနေနဲ့ လူနေထိုင်တဲ့အခြေအနေကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့ နှစ်ဦးကိုလည်း ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရလည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေများအရ လည်းကောင်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အစိုးရထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

သတင်းထောက်နှစ်ယောက်ကို အခုလို လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေတာဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာရောက်ကြောင်းနဲ့ ဒီမိုကရေစီ အစိုးရအတွက် ဂုဏ်သိက္ခာ ကျစေတဲ့ဖြစ်ရပ်ဖြစ်ကြောင်း သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ခုက ပူးပေါင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး အာဏာပိုင်တွေအနေနဲ့ လက်ရှိဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာ ချပြဖို့နဲ့ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့လည်း သတင်းမီဒီယာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။