သတင်းထောက် နှစ်ဦးကိစ္စ Pen Myanmar ကြေညာချက်ထုတ်
2017.12.17

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ယောက်ရဲ့ တာဝန်ထမ်းဆောင်မှုဟာ လျှို့ဝှက်လုံခြုံရေးကို ဘယ်လို ထိခိုက်စေနိုင်သလဲဆိုတာ ပွင့်လင်းမြင် သာမှုရှိစွာ ရှင်းပြပေးဖို့ Pen Myanmar အဖွဲ့က ဒီကနေ့ သဘောထားကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်းလိုက် ပါတယ်။
သတင်းထောက်တွေအနေနဲ့ သတင်းရယူဖို့ ကြိုးပမ်းတဲ့အခါမှာ ခိုင်လုံတဲ့ သတင်းဖြစ်ဖို့အတွက် သတင်း ရင်းမြစ်တွေကို ရှာရမှာဖြစ်ပြီး အဲဒီလို သတင်းရင်းမြစ်ရှာဖွေမှုဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင် ဘယ်လိုငြိစွန်းတယ်ဆိုတာ ထုတ်ပြန်ပေးဖို့လိုတယ်လို့ Pen Myanmar အဖွဲ့ရဲ့ ဥက္ကဌ ဦးမျိုးမြင့်ငြိမ်းက ပြောပါတယ်။
"သတင်းထောက်တွေရဲ့ သတင်းရပိုင်ခွင့်ဆိုတာ၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ဆိုတာ ဥပဒေ နဲ့တောင် ကာကွယ်ပေးရမှာဖြစ်တယ်။ ပြည်သူလူထု သတင်းသိကိုသိရမယ်။ သိခွင့်ပေးရမယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးလာရင် ဖြေကိုဖြေရမယ်ဆိုတဲ့ သတင်းသိပိုင်ခွင့်ဥပဒေ ရှိရမယ်။ အဲဒီ သတင်းသိပိုင်ခွင့် ဥပဒေမရှိတဲ့အတွက် သတင်းထောက်တွေက သူတို့နည်းသူတို့ဟန်နဲ့ သတင်းရယူဖို့ ကြိုးစားတဲ့အခါမှာ ခိုင်လုံတဲ့သတင်းဖြစ်ဖို့အတွက် သတင်းရင်းမြစ်တွေကို သူတို့က ရှာရမှာပဲ။ အဲဒါဟာ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ ငြိစွန်းတယ်ဆိုလို့ရှိရင် ဘာငြိစွန်းတယ်ဆိုတာလည်း ထုတ်ပြန်ပေးဖို့လိုတယ်လေ။ အစိုးရစာရွက်တစ်ရွက် လက်ထဲမှာတွေ့တာနဲ့ သတင်းထောက်ကို ဖမ်းမယ်ဆိုရင် သတင်းထောက်တွေ ဖမ်းလို့ကုန်မှာမဟုတ်ဘူး"
ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့လည်း Pen Myanmar အဖွဲ့ရဲ့ သဘောထားကြေညာချက်မှာ ထည့်သွင်းတိုက်တွန်းထားပါတယ်။
နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်တဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး ခေါ် ကိုမိုးအောင်တို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ညက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာရှိတဲ့ မြင်းလွတ်ရဲစခန်းရဲ့ မြေပုံကြမ်းစာရွက်နဲ့ အမှတ် (၈) လုံခြုံရေးတပ်ရဲ့ ကွပ်ကဲဒေသမှာရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်တဲ့အခြေအနေ၊ လူနေထိုင်တဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ စာရွက်တွေကိုလည်း သူတို့ဆီကနေ သိမ်းဆည်းရမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
သူတို့နဲ့အတူ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
သတင်းထောက်နှစ်ယောက် ဖမ်းဆီးခံထားရတာ ၅ ရက်ကြာမြင့်ပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့က အကြောင်းကြားတာ မရှိသေးဘူးလို့ သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါ့အပြင် သူတို့ကို ဘယ်မှာ ဖမ်းဆီးစစ်ဆေးနေတယ် ဆိုတာကိုလည်း မသိရသေးပါဘူး။
ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေ က တောင်းဆိုတာတွေရှိနေသလို မြန်မာ့သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝေဖန်မှုတွေလည်း ရှိနေပါတယ်။