ဖျာပုံမြို့နယ်မှာ စက်လှေနဲ့ မျောပါလာတဲ့ ရိုဟင်ဂျာ ၅၉ ဦးနဲ့ ရုပ်အလောင်း ခြောက်လောင်း တွေ့ရှိ

2022.08.31
ဖျာပုံမြို့နယ်မှာ စက်လှေနဲ့ မျောပါလာတဲ့ ရိုဟင်ဂျာ ၅၉ ဦးနဲ့ ရုပ်အလောင်း ခြောက်လောင်း တွေ့ရှိ ဘိုကလေးမြို့နယ်၊ အမာမြို့ ဂယက်ကြီးကျွန်းအနီး မျောလာသည့် စက်လှေပေါ်မှ ရိုဟင်ဂျာများကို ၂၀၂၂ ခုနှစ် သြဂုတ် ၂၉ ရက်နေ့မှာ တွေ့ရစဥ်
Photo: Citizen Journalist
ဩဂုတ်လ ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၊ အမာမြို့ ဂယက်ကြီးကျွန်းအနီး မျောလာတဲ့ စက်လှေတစ်စင်းပေါ်မှာ ရိုဟင်ဂျာ ၅၉ ဦးနဲ့အတူ သေဆုံးနေတဲ့ ရိုဟင်ဂျာ ခြောက်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
စက်ပျက်နေတဲ့ စက်လှေတစ်စင်း ဂယက်ကြီးကျွန်းအနီး ပင်လင်ပြင်မှာ ရက်အတော်ကြာ မျောနေတယ်လို့ သတင်းရတာကြောင့် စစ်ကောင်စီရဲ့ ကမ်းခြေစောင့်တပ်က ဩဂုတ်လ ၂၉ ရက်နေ့မှာ သွားရောက်ဖမ်းဆီးခဲ့ တာလို့ အမာမြို့ ဒေသခံတွေက ပြောပါတယ်။
 
သေဆုံးသူ ခြောက်ဦးဟာ စက်ပျက်ပြီး ပင်လယ်ထဲ မျောနေချိန် စက်လှေပေါ်မှာ အစာရေစာပြတ်ပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“ကဒုံ ရေတပ်က သတင်းရလို့ သွားဖမ်းတယ် ကြားတယ်။ သေနေတဲ့သူတွေလည်း ပါတယ်တဲ့။ စက်လှေပျက်ပြီး ပင်လယ်ထဲ မျောနေတာ တော်တော်ကြာပြီနဲ့ တူတယ်။ အစာရေစာပြတ်ပြီး သေကြတယ် ထင်တယ်။ ရေတပ်က အားလုံးကို ဘိုကလေးရဲစခန်း ပြန်လွှဲမယ်ထင်တာပဲ”
 
သေဆုံးသူ ခြောက်ဦးဟာ အမျိုးသား သုံးဦးနဲ့ အမျိုးသမီး သုံးဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီကိစ္စအသေးစိတ် သိနိုင်ဖို့အတွက် ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းကို RFA က ဒီကနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
 
အသက်ရှင်ကျန်ရစ်သူများကို လောလောဆယ် ဘိုကလေးရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
 
သူတို့အားလုံးကို ဘိုကလေးရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားစဉ် နောက်ထပ်ကလေး တစ်ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA က သီးသန့် အတည်ပြုနိုင်ခြင်း မရှိပါဘူး။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ် ဝဲစွန်းကျေးရွာအနီးမှာလည်း စက်လှေတစ်စင်းနဲ့အတူ ရိုဟင်ဂျာ ၂၈ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
 
ဩဂုတ်လ ၂၉ ရက်နေ့ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို ဘယ်လို ဆက်လက်အရေးယူမလဲဆိုတာ အတိအကျ မသိရသေးပေမယ့် အရင်က ဖမ်းမိသူတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူတာ ထောင် သုံးလ ကနေ ခြောက်လအထိ ချမှတ်တာတွေ လုပ်ခဲ့ဖူးပါတယ်။
 
ရခိုင်ပြည်နယ်မြောက်ဖျား ဘူးသီးတောင်၊ မောင်တောဒေသမှာ အရင်က ရိုဟင်ဂျာ မွတ်စလင် တစ်သန်းကျော် နေထိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးကြောင့် လူဦးရေ ရှစ်သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားပါတယ်။
 
ဒီစစ်ဆင်ရေးအတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ရိုဟင်ဂျာ မွတ်စလင် ရာနဲ့ချီ သေဆုံးခဲ့ပြီး ကျေးရွာအတော်များများ မီးရှို့ဖျက်ဆီးခံခဲ့ရတာကြောင့် ဒီကျူးလွန်မှုကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေက လက်ခံစစ်ဆေးနေပါတယ်။
 
အခု ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ငါးနှစ်ကြာခဲ့ပေမယ့် နိုင်ငံမဲ့နေတဲ့ ရိုဟင်ဂျာလူမျိုးတွေ နေရပ်မပြန်နိုင် သေးကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ နိုင်ငံတကာသတင်း မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။