ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ဆောင်ရွက်ကြဖို့ အရပ်ဘက် ၃၈၄ ဖွဲ့ တိုက်တွန်း

2022.08.25
ရိုဟင်ဂျာတွေ တရားမျှတမှုရရှိရေး ဆောင်ရွက်ကြဖို့ အရပ်ဘက် ၃၈၄ ဖွဲ့ တိုက်တွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Ukhia ရှိ Jamtoli ဒုက္ခသည်စခန်းမှာ ခိုလှုံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်
AFP Photo

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ကြဖို့ ဩဂုတ်လ ၂၅ ရက် ဒီနေ့မှာ ကျရောက်တဲ့လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့်နေ့မှာ အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ ညှဉ်းပန်း နှိပ်စက်တာ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်း ရှောင်အောင် တွန်းပို့ခဲ့တာတွေကို အာဏာသိမ်း စစ်တပ်က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူဦးရေတစ်သန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ အသက်ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့ စောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက တစ်ရက်ကို လူ ၁၅၀ နှုန်းနဲ့ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ စီစဉ်နေတယ်လို့ ပြောဆိုပေမယ့် ဒါဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကိုရဖို့ စစ်ကောင် စီရဲ့ ကြိုးပမ်းမှုတစ်ခုသာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဂမ်ဘီယာနိုင်ငံက စစ်ကောင်စီအပေါ် ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ တရားစွဲဆိုထားတဲ့အပေါ် ရာဇဝတ်ကြောင်းအရ တာဝန်ယူ တာဝန်ခံခြင်းဆိုင်ရာ ကြိုးပမ်း မှုတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမှာ ဖြစ်သလို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ICJ က ချမှတ်ထားတဲ့ ကြားကာလ အစီအမံတွေကို ဆောင်ရွက်ဖို့လိုတယ် လို့ ပြောဆိုထားပါတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တိုရဲ့ မူဝါဒရေးရာ ရပ်တည်ချက်ထဲမှာပါတဲ့ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေမှာပါရှိတဲ့ ခွဲခြားဆက်ဆံတဲ့ ပုဒ်မတွေနဲ့ အပိုဒ်အားလုံးကို ပြင်ဆင်ဖို့ ချက်ချင်း လုပ်ဆောင်ရမယ်လို့ ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။