စစ်ကိုင်းတိုင်းမှာ ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ၊ အဆောက်အအုံတွေ NUG သတ်မှတ်

စစ်ရေးအရှိန်မြင့်နေတဲ့ စစ်ကိုင်းတိုင်းမှာ ကြားကာလယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ နေရာ၊ ဒေသနဲ့ အဆောက်အအုံတွေ သတ်မှတ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ၊ သဘာ၀အမွေအနှစ်ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ စစ်ကိုင်းတိုင်းထဲက ဒေသ၊ နေရာ၊ အဆောက်အအုံ အမျိုးအစား ၃၀ ကို ကြားကာလ အမွေအနှစ်စာရင်းအနေနဲ့ ထုတ်ပြန်ကြေညာခဲ့တာပါ။
သတ်မှတ်လိုက်တဲ့ အမျိုးအစား ၃၀ ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့နယ်တွေက ကလေးမြို့ဟောင်း၊ ဟန်လင်းပျူမြို့ဟောင်း၊ ရွှေဘိုမြို့ဟောင်းနဲ့ နန်းတော်၊ ဝက်မစွပ် ကျောင်းတိုက်၊ ဂျောအော်ဝဲနေအိမ်၊ မိုးကြိုးပြင်ကျောက်ခေတ်နေရာ၊ ထမံသီဘေးမဲ့တော စတဲ့ နေရာတွေ ပါဝင်ပါတယ်။
ကြားကာလယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာနေရာတွေမှာ စစ်ရေးပြုတာ၊ စခန်းချတာ၊ လက်နက်ကြီးငယ် ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ ခိုးယူကုန်သွယ်ရောင်းချတာနဲ့ ပြင်ဆင်တာတွေလုပ်ရင် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူမယ်လို့ NUG က ပြောပါတယ်။
ဒီလိုထုတ်ပြန်တာဟာ NUG အနေနဲ့ ပြစ်မှုကျူးလွန်တဲ့သူတွေကို နောက်တစ်ချိန်မှာ ထိထိရောက်ရောက် အရေးယူနိုင်ဖို့နဲ့ နိုင်ငံရေးနည်းနာအရ လိုအပ်ချက်ကြောင့် ထုတ်ပြန်ကြေညာတာဖြစ်နိုင်တယ်လို့ ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုသက်ဦးက ပြောပါတယ်။
“တရားဥပဒေအရ နောင်တစ်ချိန်မှာ ပြစ်မှုကျူးလွန်တဲ့သူ အဓိက ကတော့ စစ်ကောင်စီပေါ့။ အဓိကကတော့ ပြန်လည်အရေး ယူနိုင်ဖို့အတွက် လုပ်ဆောင် ခြင်းဖြစ်တယ်ပေါ့။ နောက်တစ်ခုကတော့ နိုင်ငံရေးနည်းနာအရ လိုအပ်ချက်ကြောင့် ကြေညာတယ်လို့ မြင်မိပါတယ်ဗျ”
NUG ရဲ့ ကြားကာလယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာနေရာတွေ သတ်မှတ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာမျိုး မတွေ့ရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် အစည်းအဝေးအတွက် ပြင်ဆင်နေရတာကြောင့် ပြန်လည်ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
စစ်ကိုင်းတိုင်းဟာ ခုခံစစ်အပြင်းထန်ဆုံးဒေသထဲမှာပါဝင်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်း ဘက်ပေါင်းစုံကနေ ထိုးစစ်ဆင်တိုက်ခိုက်သလို ရွာတွေကို ဝင်ရောက်စီးနင်းတာ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့စဉ်ဆိုသလိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP - Myanmar) ရဲ့ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ၃၆,၂၀၉ လုံးထက်မနည်း မီးရှို့ခံခဲ့ရပြီး အဲဒီအထဲကမှ စစ်ကိုင်းတိုင်းက ၂၅,၃၇၇ လုံးနဲ့ အများဆုံး မီးရှို့ခံရတဲ့ဒေသ ဖြစ်ပါတယ်။