အကြမ်းဖက်မှုကြောင့် စစ်ကိုင်းတိုင်းက အရပ်သား ငါးရာနီးပါးသေဆုံး

RFA Burmese
2024.08.27
အကြမ်းဖက်မှုကြောင့် စစ်ကိုင်းတိုင်းက အရပ်သား ငါးရာနီးပါးသေဆုံး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းရွာတွင် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

အကြမ်းဖက်မှုတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းက အရပ်သားပြည်သူ ၄၉၉ ဦး သေဆုံးပြီး ၄၆၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Data for Myanmar က ဩဂုတ်လ ၂၇ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ အထိ Data for Myanmar က မှတ်တမ်းစုဆောင်းထားတဲ့ စစ်တမ်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စုစုပေါင်း ၉၆၃ ဦးရှိပြီး အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေက ၃၁ ရာခိုင်နှုန်း ပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းကရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

သေဆုံးမှုဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ၄၂၈ ဦး၊ တော်လှန်ရေးအဖွဲ့အစည်းတွေကြောင့်၂၀ ဦး၊ ပျူစောထီးအဖွဲ့ဝင်တွေကြောင့် ကိုးဦးနဲ့ ကူကီးတပ်ဖွဲ့ကြောင့် လေးဦး သေဆုံးခဲ့ပြီး တိုက်ပွဲအတွင်းနဲ့ အတည်မပြုနိုင်တဲ့ ဖြစ်စဉ်တွေကြောင့် သေဆုံးသူ ၃၈ ဦးရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာရှိတဲ့ ကလေး၊ မုံရွာ၊ ရွှေဘိုနဲ့ စစ်ကိုင်းခရိုင်တွေထဲက အရပ်သားပြည်သူအများဆုံး သေဆုံးထိခိုက်ခံရတာဖြစ်ပြီး သေဆုံးသူ ၃၄၉ ဦးရှိတယ်လို့ ဆိုပါတယ်။

ဇွန်လထဲမှာ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူ ၆၅ ဦး၊ ဒဏ်ရာရသူ ၁၁၃ ဦးရှိခဲ့တာကြောင့် စုစုပေါင်း ၁၇၈ ဦးထိခိုက်ခဲ့ပါတယ်။ လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်ခံရတာအပါအဝင် နှစ်ဖက်တိုက်ပွဲအတွင်း ထိမှန်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အမြန်ဆုံးရပ်တန့်ဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ရေးကျင့်ဝတ်တွေကို လိုက်နာဖို့နဲ့ နိုင်ငံတကာနဲ့ လူမှုအဖွဲ့အစည်းတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကို ရပ်တန့်ဖို့ ဖိအားပေးပြီး ဘေးကင်းလုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့လည်း Data for Myanmar က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း လေကြောင်း၊ လက်နက်ကြီးနဲ့ မိုင်းအန္တရာယ်တွေကနေ ထိခိုက်မှုလျော့နည်းအောင် ဘေးကင်းလုံခြုံရေးအစီအစဉ်တွေကို လိုက်နာဆောင်ရွက်ကြဖို့ အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။