ရွှေဘိုနဲ့ခင်ဦးမှာ ခြောက်ရွာမီးရှို့ခံရပြီး ဒေသခံနှစ်သောင်းနီးပါး ထွက်ပြေးနေရ

2023.01.31
ရွှေဘိုနဲ့ခင်ဦးမှာ ခြောက်ရွာမီးရှို့ခံရပြီး ဒေသခံနှစ်သောင်းနီးပါး ထွက်ပြေးနေရ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ စိုင်ဒိုးရွာ မီးရှို့ခံထားရသည်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Shwe Bo Local People Defense Force

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရွာသုံးရွာနဲ့ ခင်ဦးမြို့နယ်က ရွာသုံးရွာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မီးရှို့ခံရတဲ့ ရွာတွေအပါအဝင် အနီးအနားမှာရှိတဲ့ ရွာပေါင်း (၁၂) ရွာက ဒေသခံ ၁၈,၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလော လုံခြုံရေးအခြေအနေအရ မီးရှို့ခံရတဲ့ရွာတွေထဲ ပြန်ဝင်လို့ မရသေးတာ ကြောင့် မီးလောင်ကျွမ်းခဲ့တဲ့ အိမ်ခြေအရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ရွှေဘိုမြို့၊ သရက်ပင်ဝန်းရွာကို စစ်ကောင်စီ တပ်သားတွေ မီးရှို့ခဲ့ပြီးနောက် အဲဒီကနေ ခင်ဦးမြို့၊ ရုံးစု (တောင်) ရွာနဲ့ ရုံးစု (မြောက်) ရွာကို ထပ်မံဝင်ရောက်မီးရှို့ခဲ့တာ လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ရွှေဘိုဘက်က စိုင်ဒိုး ရှိမယ်၊ အင်ကြင်းပင်ရွာ ရှိမယ်။ အခုမနက်ဆို သရက်ပင်ဝန်း အရှို့ခံရတယ်။ ခင်ဦးနယ်ကဆို ရုံးစုနဲ့ ဗျိုင်းကြိုင်ရွာ ရှိမယ်။ ဟိုဘက်ကနေ ခင်ဦးကို ကူးလာတာပေါ့"

ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ရွှေဘိုမြို့မှာရှိတဲ့ စိုင်းဒိုးရွာ၊ အင်ကြင်းပင်ရွာနဲ့ ခင်ဦးမြို့က ဗျိုင်းကြိုင်ရွာတွေကို အဲဒီစစ်ကြောင်းကပဲ မီးရှို့ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။

ရွာတွေကို ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းမှာ အင်အား ၁၅၀ ဝန်းကျင် ပါဝင်ပြီး ရေဦးမြို့က ထွက်လာတဲ့ တပ်မ (၃၃) လက်အောက်ခံတပ်က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုတာ မရှိပါဘူး။

ဒါပေမဲ့ လုံခြုံရေးအခြေအနေတွေကို ထုတ်ပြန်လေ့မရှိဘူးလို့ လူမှုရေးဝန်ကြီး ဦးအေးလှိုင်က RFA ကို အရင်က ဖြေဆိုဖူးပါတယ်။

စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို မီးရှို့တာမျိုး သူတို့ တပ်သားတွေ ဘယ်တော့မှမလုပ်ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ် မေးမြန်ချိန်မှာ ငြင်းဆိုထားပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ ဇန်နဝါရီလ ၂၄ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းမှာ အာဏာ သိမ်း နှစ်နှစ်နီးပါးအတွင်း နေအိမ်နဲ့ အဆောက်အအုံ ၄၃,၂၁၆ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ် ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ ဒေသခံ ခြောက်သိန်း ခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။