တိုင်းအစိုးရအဖွဲ့ ဘတ်ဂျက် ပိုလျှံငွေကို မြို့နယ်တွေကို ခွဲဝေချပေး


2017.01.02
sagaing-parliament-620.jpg စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
Photo: Hset Paing Toe/RFA

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအတွက် ချထားပေးတဲ့ ဘဏ္ဍာငွေထဲက ပိုလျံငွေတွေနဲ့ တိုင်းအတွင်း ဖျက်သိမ်းခဲ့တဲ့ စီမံကိန်းတွေကနေ ရရှိတဲ့ငွေတွေကို ဒေသဖွံ့ဖြိုးရေး အတွက်သုံးစွဲဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မြို့နယ်တချို့ကို ခွဲဝေချထားပေးလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်အတွက် သန်း ၅၀ ရရှိတယ်လို့ ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောပါတယ်။

"သန်း ၅၀ ပေါ့ ၊ သိန်း ၅၀၀ ကို ချပေးလိုက်တာတဲ့ ပိုလျံငွေတွေ၊ ဌာနပေါင်းစုံက ပိုလျံငွေတွေလို့ အဲ့ လို ပြောတယ်ခင်ဗျ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သန်း ၅၀ သိန်း ၅၀၀ နဲ့ညီမျှအောင် estimate တွေ တွက်ချက်ပြီးတော့ ကျနော်တို့ အခုတင်ပေးနေတာ ခင်ဗျ။"

ခန္တီးမြို့နယ်အတွက်ကတော့ ပိုလျံဘဏ္ဍာငွေထဲကနေ ကျပ်သန်း ၃၃ သန်းကို ပြီးခဲ့တဲ့လပိုင်းတွေထဲက ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုပြီး ရရှိထားပြီးဖြစ်တယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုဝင်း က ပြောပါတယ်။

"တိုင်းဒေသကြီး ပိုလျံငွေထဲကနေ ကျနော်တို့ ခန္တီးကို ၃၃ သန်း ချထားပေးပြီးသားခင်ဗျ။ ခုသန်း ၅၀ ထဲမှာ ကျတော့ ကျနော်တို့ မပါတော့ဘူး။ အဲ့ ၃၃ သန်းထဲမှာလည်း ကျနော်တို့က ခန္တီးမြို့မှာ လိုအပ်တဲ့ မြို့တွင်းမှာရှိတဲ့ ကွန်ကရစ်လမ်းလုပ်တယ်။ နောက်တစ်ခါ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း အခုလည်းလုပ်နေပါပြီ။ မကြာခင် ၁၀ ရက်လောက်ဆိုရင်တော့ ပြီးတော့မှာဗျ။"

အဲဒီငွေတွေဟာ ပြည်ထောင်စုအစိုးရက နှစ်စဉ်မြို့နယ်တမြို့နယ်စီကို ချထားပေးတဲ့ ကျပ်သိန်း တစ်ထောင်နဲ့ မသက်ဆိုင်ဘဲ သီးသန့်ချထားပေးတာဖြစ်ပြီး အဓိကအားဖြင့် လမ်းတံတားတွေ ဆောက်လုပ်ဖို့နဲ့ လွှတ်တော်က လုပ်ဆောင်ဖို့အတွက် အတည်ပြုပြီး မဆောင်ရွက်ရသေးတဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဘယ်လိုစီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုတာနဲ့ ကုန်ကျစရိတ်တွေကို တွက်ချက်ပြီး အစိုးရထံ တင်ပြပြီးနောက် လာမယ့်ဘဏ္ဍာရေးနှစ် ဧပြီလ မတိုင်ခင်လုပ်ငန်းတွေအပြီး ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။