ကူးစက်ရောဂါ ထိန်းချုပ်ဖို့ စစ်ကိုင်းတိုင်းမှာ ညမထွက်ရအမိန့်ထုတ်
2020.04.14
စစ်ကိုင်းတိုင်းအတွင်း ကိုရိုနာပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ ဧပြီ ၁၃ ရက် မနေ့ညကစပြီး တိုင်းအစိုးရက ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။
စစ်ကိုင်းတိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ပြည်သူတွေ လိုက်နာဖို့ အချက် ငါးချက် ပါဝင်ပါတယ်။ ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ မသင်္ကာစရာတွေ့ရင် တာဝန်ရှိသူတွေဆီ သတင်းပို့ဖို့၊ သင်္ကြန်ကာလအတွင်း ရေမကစားဖို့၊ အပြင်ထွက်မယ်ဆိုရင် နှာခေါင်းစည်း တပ်ဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို လိုက်နာဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
လက်ရှိအခြေအနေနဲ့ အညီ ထုတ်ထားတာဖြစ်ပြီး လိုအပ်လာရင်တော့ ပြင်ဆင်ဆောင်ရွက်တာတွေ ရှိလာနိုင်တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က RFA ကို ပြောပါတယ်။
“ညဘက်မှာကျ လုံခြုံရေးပိုင်းလောက်ပဲသွားကြတာ၊ နေ့ကျတော့ တစ်ယောက်နဲ့ တစ်ယောက် ဝိုင်းထိန်းကြမှာ ဖြစ်တော့ ကျန်းမာရေးအရ ညွှန်ကြားတဲ့အတိုင်း သွားလာကြမှာဖြစ်တယ်၊ ညကျတော့ အားနည်းသွားတာကို၊ ဒါကြောင့် ထုတ်တာဖြစ်ပါတယ်၊ ကျန်းမာရေးက ထုတ်ပြန်တာတွေကို လိုက်နာသွားမယ်ဆိုရင် စစ်ကိုင်းတိုင်း အနေနဲ့ ထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့ အကြံပေးချင်ပါတယ်”
တိုင်းအစိုးရက ကိုရိုနာဗိုင်းရပ်ပိုး ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ အဖွဲ့ ခြောက်ဖွဲ့ ဖွဲ့ပြီး စီစဉ်ဆောင်ရွက် နေတယ်လို့ ဗိုလ်မှူးကြီး သန်းထွန်းအောင်က ဆိုပါတယ်။
မြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးမယ်၊ တခြားဒေသကနေ ဝင်ရောက်လာရင် မေးမြန်းပြီး နေရပ်လိပ်စာ တောင်းယူမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
လူမှုကွန်ရက်မှာတင်တဲ့ တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ကို ရပ်ကွက်အသီးသီးကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်တယ်လို့ မုံရွာဒေသခံတချို့က ပြောပါတယ်။ ဒီနှစ် သင်္ကြန်ကာလ ရေမကစားဖို့ တားမြစ်ထားချိန်မှာ ရပ်ကွက်တချို့မှာ ရေပက်နေသူတွေ ရှိလို့ လှည့်လည် စစ်ဆေးသင့်တယ်လို့ မုံရွာမြို့က ဒေသခံ ဒေါ်နုက ပြောပါတယ်။
“တိုင်းအစိုးရအနေနဲ့ တာဝန်ရှိသူတွေက တိတိကျကျ ကြေငြာချက်ကို ကားတွေနဲ့ ရပ်ကွက်ပေါင်းစုံ လှည့်မယ်ဆိုရင် သင်္ကြန်တွင်းမှာ ရေပက်တာတွေ မရှိနိုင်ဘူး၊ ညတွေ မထွက်ပါနဲ့ပြောလို့ အဆင်မပြေဘူး၊ မြေပြင်ကို လှည့်ပတ်ပြီးတော့ စောင့်ရှောက်စေချင်တယ်”
ဒေသခံအများအပြား စိုးရိမ်မှုနည်းဟန် ရှိတဲ့အတွက် အစိုးရထုတ်ပြန်ချက်မှာ ပိုပြီး ပြင်းထန်တိကျတဲ့အမိန့်တွေ ပါဝင်သင့်တယ်လို့ မုံရွာမြို့က ကိုအောင်နေမျိုးက ပြောပါတယ်။
“မနက်ပိုင်းထုတ်တာကတော့ သင့်တော်တယ်။ ညပိုင်းကတော့ ပိုစောသင့်တယ်။ ခုနှစ် နာရီဖြစ်ဖြစ် ရှစ်နာရီ ဖြစ်ဖြစ်၊ ကျန်တဲ့အချက်တွေကတော့ သိပ်ထူးထူးခြားခြား မပါဘူး၊ နှားခေါင်းစည်တပ်တာတွေဆို ထိရောက်တဲ့ သတိပေးမှုတွေ လုပ်သင့်တယ်ထင်တယ်၊ ဘာလို့လဲဆိုရင် လူတွေက မကြောက်ကြဘူးဗျ”
စစ်ကိုင်းတိုင်းမှာ ဒီကနေ့အထိ ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရသူ မတွေ့ရှိသေးပါဘူး။ တိုင်းအတွင်းက ၁၄ ရက် စောင့်ကြည့်စခန်းမှာ နေထိုင်သူတချို့ စည်းကမ်းမလိုက်နာလို့ ထောင်ချအရေးယူတာ ရှိခဲ့ပါတယ်။
တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောပါတယ်။