လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ကျော်ပျက်စီး


2018.04.14
sagaing-storm-622.jpg စစ်ကိုင်းတိုင်းဒေသကြီးမှာ ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းကို တွေ့ရစဉ်
ဓါတ်ပုံ - ကျွန်းလှ အွန်လိုင်းသတင်း - ဖေ့စ်ဘွတ်

စစ်ကိုင်းတိုင်းဒေသကြီးမှာ မနေ့ညနေက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့က နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပါတယ်။

လေက လေပွေလိုတိုက်တဲ့အခါ နေအိမ်အမိုးတွေ အကုန်ပျက်စီးတာလို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် ကပြောပါတယ်။

"မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မှာဖြစ်တာပါ၊ အိမ်ကတော့ သစ်သားအိမ်တွေ ဆောက်ထားတာပဲ၊ ဒါပေမဲ့ လေက လေပွေလိုတိုက်တဲ့အခါကြတော့ အမိုးတွေက အကုန်ကျွတ်ထွက်တာ၊ ကျနော်တို့ ယင်းမာပင်က ဆားလင်းကြီးမြို့နယ်ထဲမှာ ကျနော်တို့ဆီကို သတင်းရတာကတော့ နေအိမ်လေးအိမ် အမိုးလန် ပျက်စီးဆိုပြီး တော့မှ ကျွန်းလှဘက်မှာတော့ ၅၀ ကျော်ကျော်လောက် အမိုးလန်တာပေါ့။ အဲဒါတွေဖြစ်တယ်"

အမိုးလန်သွားတဲ့ နေအိမ်တစ်လုံးကို ပျက်စီးဆုံးရှုံးမှုပေါ်မူတည်ပြီး ငွေကျပ် တစ်သောင်းကနေ ၇ သောင်းကျပ်အထိ ထောက်ပံ့ပေးပြီး ပစ္စည်း ၅ မျိုးနဲ့ ပြိုကျသွားတဲ့ နေအိမ်ကို ကျပ်တစ်သိန်းနှုန်းနဲ့ ပစ္စည်း ၁၀ မျိုး ထောက်ပံ့ပေးသွား မယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့ကလည်း လေပြင်းတိုက်တာကြောင့် ကနီ၊ ယင်းမာပင်၊ ဘုတလင်မြို့နယ်တွေမှာ အိမ်ခြေ ၇၀၀ လောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။