ပိတ်ဆို့ အရေးယူမှု သက်တမ်းတိုးဖို့ အမေရိကန် အထက်လွှတ်တော် ဆုံးဖြတ်

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို သက်တမ်း တစ်နှစ် ထပ်တိုးဖို့ အမေရိကန် အထက်လွှတ်တော်က စက်တင်ဘာလ (၁၃)ရက်နေ့က ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။

2011.09.16
kurt_campbell_congress_305px.jpg အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီက စက်တင်ဘာ ၃၀ ရက်နေ့တွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ၏ ရိုက်ခတ်မှုနှင့် ထိရောက်မှုအပေါ် ကြားနာပွဲတွင် အရှေ့အာရှနှင့် ပိစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် ထွက်ဆိုအစီရင်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဥပဒေ ကို ၂၀၀၃ ခုနှစ်မှာ စတင် ပြဌာန်းခဲ့တာ ဖြစ်ပြီး နှစ်စဉ် သက်တမ်း တိုးလာတာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးတွေ စတင်နေပြီ ဆိုပေမယ့် နိုင်ငံတကာ လက်ခံနိုင်တဲ့ အခြေအနေကို မရောက်သေးတဲ့ အပေါ်မှာ အမေရိကန် အထက်လွှတ်တော်က နောက်တနှစ် သက်တမ်း တိုးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အဝေးရောက် ညွန့်ပေါင်းအစိုးရ ဝန်ကြီး ဦးဘိုလှတင့်က အာအက်ဖ်အေကို ပြောပါတယ်။

“အမေရိကန် အထက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်တိုးတက်မှုတွေဟာ အမေရိကန် ပြည်ထောင်စုအတွက် အထူးသဖြင့် အထက်လွှတ်တော်အတွက် ကျေနပ်အားရလောက်စရာ မရှိသေးဘူး ဆိုတာကို လုပ်ရပ်နဲ့ ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံက ကိုယ့်ရဲ့လုပ်စရာရှိတာကို ကိုယ့်ယုံကြည်ချက်နဲ့ ဆက်လုပ်သွားဖို့ လိုအပ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဥပဒေ သက်တမ်း တစ်နှစ်တိုးဖို့ အမေရိကန် အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ ဇွန်လက ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခု အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရပြီးရင် သမ္မတ အိုဘားမားက လက်မှတ်ရေးထိုး အတည်ပြုဖို့ အဆင့်ပဲ ကျန်ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောက်ခံသူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ ဒီပဲယင်း အရေးအခင်း ဖြစ်ပေါ်ပြီးတဲ့နောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံကူညီဖို့ အမေရိကန် ပြည်ထောင်စုက ဒီဥပဒေကို သတ်မှတ် ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေအရ မြန်မာနိုင်ငံက ပို့ကုန်တွေကို အမေရိကန် နိုင်င ံတင်သွင်းခွင့် ပိတ်ပင် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။