ကျောက်မီးသွေးတွင်းမှာ ပိတ်မိနေသူ ၄ ဦးကို မကယ်နိုင်သေး


2018.09.08
saw-coal-mine-622.jpg ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဆောမြို့နယ် ကျောက်မြောင်းရွာအနီးက ကျောက်မီးသွေးတွင်းမှာ ကယ်ဆယ်ရေးလုပ်နေတာကို တွေ့ရစဉ်
Photo: Tun Tun Win Facebook

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မြောင်းကျေးရွာအနီးမှာရှိတဲ့ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ တွင်းအတွင်း ပိတ်မိနေသူ ၄ ဦး ကို ကယ်ထုတ်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်အထိ မကယ်ထုတ်နိုင်သေးတာကြောင့် အသက်ရှင်ရက်ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ချက်နည်းပါးတယ်လို့  ဆောမြို့နယ်က တိုင်းဒေသကြီးအမှတ် (၁) က လွှတ်တော်ကိုယ်စားလှယ်  ဦးထင်လင်းက RFA ကို ဒီနေ့ပြောပါတယ်။

"အင်မတန် ကံကောင်းမှပဲဖြစ်တော့မယ်။ ကျင်းကလည်းပဲ မိန်းပေါက်တစ်ခုပဲ လေအဝင်အထွက်က လုပ်နေတာ။ ဂယ်ပေါက် နှစ်ပေါက်က တစ်ပေါက်လည်း လွန်ခဲ့တဲ့ နှစ်လလောက်က ပိတ်သွားတာပေါ့နော်။ လေထွက်ပေါက် တစ်ပေါက်ကလည်း လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပိတ်သွားတယ်။ ဓာတ်ငွေ့ရဲ့ အနေအထားအရဆို အောက်ဆီဂျင်ပြတ်လို့ ဆုံးတယ်လို့ အယူအဆအရဆိုရင် အသက်ရှင်ဖို့က ခက်ခဲတယ်လို့ ယူဆတယ်"

အဲဒီနေရာကို မကွေးတိုင်းဒေသကြီးက လျှပ်စစ်ဝန်ကြီးနဲ့ သယံဇာတ ကော်မတီဝင်တွေ ဒီနေ့ သွားရောက်စစ်ဆေး ခဲ့တယ်လို့ ပြောပါတယ်။

ကျောက်မီးသွေးတွင်းထဲမှာ မီသိန်းဓာတ်ငွေ့ရှိနေသေးတဲ့အတွက် ဆင်းဖို့အခက်အခဲရှိသလို အထဲမှာပိတ်မိနေတဲ့ လုပ်သားတွေဟာ ကျွမ်းကျင်တဲ့သူတွေ မဟုတ်တဲ့အတွက် အရေးပေါ်ဖြစ်လာရင် ဘာတွေလုပ်ဆောင်ရမယ် ဆိုတာကို သိတဲ့အပိုင်းမှာ အားနည်းတယ်လို့ ဦးထင်လင်းကပြောပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က ထွန်းရာဇာ ကျောက်မီးသွေး တူးဖော်ရေးကုမ္ပဏီမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ ၄ ယောက် သေဆုံးခဲ့ပါတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ၃ ယောက် ကလည်း စိုးရိမ်စရာအခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီပေါက်ကွဲမှုအတွက် သတ္တူတူးဖော်ရေး မန်နေဂျာကို ပေါ့လျော့မှု၊ လူသေမှု၊ ပြင်းထန်နာကျင်စေမှုတွေနဲ့ ဆော မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။