ဆော ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု စုံစမ်းစစ်ဆေးမှု စတင်

မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သတ္တုတွင်းဦးစီးဌာနက ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီဟာ လွတ်မြောက်လာသူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို ဒီနေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
အစိုးရကဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မတီက ဒီနေ့စတင် စစ်ဆေးတာလို့ ဆောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထင်လင်း က ပြောပါတယ်။
"ကယ်ဆယ်ရေးလုပ်တဲ့လူတွေပါ အသက်အန္တရာယ်ထိနိုင်တယ်ပေါ့နော်၊ အဲဒါကြောင့် ကယ်ဆယ်ရေးနဲ့ စစ်ဆေးရေးလုပ်ငန်းကို ရပ်ဆိုင်းပြီးတော့မှ ဦးစီးဌာနက စုံခုံ ဖွဲ့ပြီးတော့မှ တွင်းလုပ်သားတွေ အပါအဝင် ဖြစ်စဉ်မှာ လွတ်မြောက်လာတဲ့ သုံးယောက်ရယ်၊ ကုမ္ပဏီက တာဝန်ခံ၊ တာဝန်ရှိသူတွေကို ဒီနေ့ စစ်ဆေးမယ်လို့ ကျနော်တို့ နောက်ဆုံး သိရတာပေါ့နော်"
ဒီစုံစမ်းရေးကော်မတီမှာ သတ္ထုတွင်း ဦးစီးဌာနက ၂ ဦးနဲ့ သတ္ထုတွင်း လုပ်ငန်းအမှတ် ( ၁ ) က တစ်ယောက်စီ ပါဝင်ပါတယ်။
ပိတ်မိနေသူ ၄ ဦးကို ကယ်ဆယ်ဖို့ကြိုးစားရာမှာ မီးသိန်းဓာတ်ငွေ့တွေများတာ၊ မြေထပ်ပြိုနိုင်တာ စတဲ့ အန္တရာယ်ရှိတဲ့အတွက် သတ္တုတွင်းဦးစီးဌာန အကြံပေးချက်အရ ကယ်ဆယ်ရေးလုပ်ငန်း မနေ့က အပြီး ရပ်နားလိုက်တာလို့ သိရပါတယ်။
ဒီကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့သူ ၈ ဦးအတွက် တစ်ဦးကို သိန်း ၈၀ နစ်နာကြေး ကုမ္ပဏီက ပေးအပ်ခဲ့ပြီး အသက်ရှင်လွတ်မြောက်တဲ့သူတွေအတွက် တစ်ဦးကို ၃ သိန်းထောက်ပံ့ပေးတယ်လို့လည်း သိရပါတယ်။
ဒီကျောက်မီးသွေးမိုင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၂ ဦး ပိတ်မိခဲ့ရာမှာ ၈ ဦးကို ကယ်ထုတ်ခဲ့ပေမယ့် အဲ့ဒီထဲက ၄ ဦးဟာ သေဆုံးနေတာဖြစ်ပါတယ်။