ကျောင်းသားထု အစည်းအဝေး နာရေးကူညီမှုအသင်းခန်းမမှာ ကျင်းပမည်
2014.11.09
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာရှိတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) သုခခန်းမမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီအရေးပေါ်အစည်းအဝေးမှာ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။
"အမျိုးသားပညာရေး ဥပဒေမူကြမ်းရဲ့ ကျနော်တို့ အခုလက်ရှိကျောင်းသား သမဂ္ဂတွေက ဘာကြောင့် မို့လို့ ဆန့်ကျင်နေတယ် အလိုမရှိဘူးဆိုတာကို ကျနော်တို့ အဓိကထား ဆွေးနွေးမှာဖြစ်ပြီးတော့ ဒီအမျိုးသားပညာရေးဥပဒေမှာ လိုအပ်နေတဲ့အချက်တွေ၊ ကျနော်တို့ ပညာရေးဆိုင်ရာ လိုချင်တဲ့အချက် အလက်တွေ တောင်းဆိုချင်တဲ့ အချက်အလက်တွေ၊ ပါစေချင်တဲ့ အချက်အလက်တွေ ဒါတွေကို ကျနော် တို့ ကျောင်းသားထု တစ်ရပ်အနေနဲ့က သဘောထားနဲ့ လိုလားချက်တွေပေါ်လာအောင် ဆွေးနွေးကြ မှာဖြစ်ပါတယ်"
ပြင်ဆင်ထားတဲ့ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို ကျင်းပခွင့်မပြုကြောင်း မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေး ကျင်းပမယ့် ခဝဲခြံမျက်မမြင်ကျောင်း တာဝန်ရှိသူတွေထံ အကြောင်းကြားတယ်လို့ သိရပါတယ်။
နှစ်ရက်ကြာ ကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ်အစည်းအဝေးမှာ မြန်မာနိုင်ငံ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာကွန်ရက် NNER က ဆရာတွေနဲ့ တစ်နိုင်ငံလုံးအနှံ့က ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။
ကျောင်းသားထုအရေးပေါ် အစည်းအဝေးကို မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာ ကျင်းပဖို့ ပြင်ဆင် ထားပေမယ့် အာဆီယံထိပ်သီး အစည်းအဝေးရှိတာကြောင့် မြို့နယ်အုပ်ချုပ်ရေးက ကျင်းပခွင့်မပြုတဲ့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ကျင်းပဖို့ စီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။