ဖားကန့်မှာ ပျောက်ဆုံးသူတွေ ဆက်ရှာဖွေ
2016.05.26

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ-မှော်သစ်ကုန်းကျေးရွာမှာ ကျောက်ကမ်းပါးပြိုကျမှုကြောင့် ပျောက်ဆုံးနေ သူတွေကို ရတနာကြယ် ကျောက်တူးဖော်ရေးကုမ္ပဏီ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတွေ စုပေါင်းပြီး ဒီနေ့ ရှာဖွေမှုတွေ ပြန်လည်စတင်လုပ်ဆောင်နေပါတယ်။
ရှာဖွေကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းပြီး ကုမ္ပဏီက စက်ယန္တရား ၆ စင်းနဲ့ ရှာဖွေနေတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးက ဦးစီးအရာရှိ ဒေါ်နီလာမြင့် က ပြောပါတယ်။
"ကုမ္ပဏီက ယန္တရား ၆ စင်းနဲ့ ပြည်သူတွေ၊ အရန်မီးသတ်တပ်ဖွဲ့တွေနဲ့ နာရေးကူညီမှုအသင်းတွေပေါင်းပြီး အန္တရာယ်မရှိတဲ့နေရာကိုပဲရှာမယ်၊ အပေါ်ကနေ ပြန်ပြိုကျလာတာတို့ မြေလာအက်ကြောင်းတွေ ပေါ်လာခဲ့ ရင်တော့ ချက်ချင်းရပ်နားမယ်ပေါ့၊ ရှာနေတုန်း ရေမဆေးတွေနဲ့ ယန္တရားတွေ ပျက်စီးဆုံးရှုံးတာဖြစ်လာရင် ဖွဲ့စည်းထားတဲ့ကော်မတီကပဲ တာဝန်ယူဖြေရှင်းပါ့မည်ဆိုပြီး အဲ့လိုညှိနှိုင်းသဘောတူပြီးမှ ဒီနေ့မနက် ၇ နာရီကနေစရှာတယ်လို့ သိရပါတယ်"
ပြိုကျတဲ့နေရာမှာ ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးဖို့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြလာတဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ ညှိနှိုင်းပြီး ရှာဖွေမှုကို နှစ်ရက်ဆက်တိုက်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်း ဒေါ်နီလာမြင့် က ပြောပါတယ်။
ရတနာကြယ် ကျောက်တူးဖော်ရေးကုမ္ပဏီ ကျောက်လုပ်ကွက်မှာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ညက ကျောက်ကမ်း ပါးပြိုကျခဲ့တာဖြစ်ပါတယ်။
ပြိုကျတဲ့ ကျောက်ကမ်းပါးအောက်ခြေနားက ရေကန်မှာ အလောင်း နှစ်လောင်းကို ထပ်မံတွေ့ရှိထားပြီး အဲ့ဒီအလောင်းတွေဟာ ကျောက်ကြောကမ်းပါးပြိုကျမှုကြောင့် သေဆုံးတာ ဟုတ်မဟုတ်ကို မြို့နယ်ဆရာဝန်တွေက သွားရောက်စစ်ဆေးနေကြပါတယ်။
ကမ်းပါးပြိုကျမှုကြောင့် မေလ ၂၅ ရက်နေ့ကအထိ အလောင်း ၁၂ လောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ဦး ကို တေ့ွရှိခဲ့ပါတယ်။ ပြိုကျတဲ့အထဲ နစ်မြုပ်နေသူ အရေအတွက်ကို အုပ်ချုပ်ရေးအဖွဲ့က အတိအကျ ကောက် ယူထားခြင်းမရှိသေးပေမယ့် ရာနဲ့ချီ ရှိမယ်လို့ ဒေသခံတွေက ပြောကြပါတယ်။