လူထုအခြေပြုလုပ်ငန်းများ ဖွံ့ဖြိုးရေး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပါဝင်ဆွေးနွေး
2013.02.15

အဲဒီအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနဲ့ ဒေသခံလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ဆောင်ရွက်မယ့် အဲဒီစီမံကိန်းမှာ ရွေးချယ်ခံရတဲ့ မြို့နယ်တွေကို တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၇၀၀၀ နှုန်းနဲ့ ပံ့ပိုးပေးသွားမှာဖြစ်ပြီး အငြင်းပွားမှုဖြစ်ပွားနေတဲ့ ဧရိယာတွေမှာ လုပ်ငန်းဆောင်ရွက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ဒီစီမံကိန်းဟာ ကမ္ဘာ့ဘဏ်ရဲ့ ပထမဆုံးထောက်ပံ့ငွေနဲ့ ဆောင်ရွက်မှာဖြစ်တဲ့အတွက် အပေါင်းလက္ခဏာဆောင်တယ်လို့ ထင်မြင်ကြောင်း အခမ်းအနားကို တက်ရောက်လာတဲ့ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရိုးမအလင်းအဖွဲ့က ကိုစိုင်းဘိုဘိုက RFA ကို ပြောပါတယ်။
စီမံကိန်းရဲ့ပထမနှစ်ဖြစ်တဲ့ဒီနှစ်မှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က မြို့နယ်တစ်ခုစီမှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး ရှမ်းပြည်နယ်မှာတော့ ပအို့ဝ်၊ ပလောင်၊ ဓနု၊ ဝ၊ ကိုးကန့် စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေထဲက မြို့နယ်တစ်ခုကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လာမယ့် ၂၀၁၄ ခုနှစ်မှာ ကျန်ပြည်နယ်နှင့် တိုင်း ၅ ခုက မြို့နယ် ၅ မြို့နယ်၊၂၀၁၅ ခုနှစ်မှာ ကျန်ပြည်နယ်နှင့် တိုင်း ၇ ခုက မြို့နယ် ၇ မြို့နယ်ကို ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။