မူဆယ်မြို့နားမှာ တိုက်ပွဲဖြစ်


2016.12.22
muse-620 ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်၊ မူဆယ်မြို့အနီးက ပန်ကျုံနဲ့ ဖာပိတ်ကျေးရွာနားမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ တပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်က ဒေသခံတွေကတော့  မော်တောင်းကျေးရွာအုပ်စုက ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး ဦးစီးအရာရှိ ဦးဇော်မင်းက ပြောပါတယ်။

"ဘာမှထိခိုက်မှုတော့မရှိဘူး။ အဲ့ဒီဘက်မှာ ဖြစ်တဲ့အတွက်ကြောင့် မော်တောင်းဘက်မှာတော့ စစ်ဘေးရှောင်တွေ ရောက်လာတယ်လို့ သတင်းရတယ်ဗျ။ ဘုန်းကြီးကျောင်းဘက်ကို လာပြီးတော့မှ တိမ်းရှောင်တယ်လို့ သတင်းရပါတယ်။ အဲဒီမှာဖြစ်တာတော့ KIA ပူးပေါင်းအဖွဲ့နဲ့ ဖြစ်တာပေါ့။ ဖြစ်တာက ပန်ကျုံ၊ ဖာပိတ် အနီးဝန်းကျင်မှာဖြစ်တာ။ အဲဒီကနေ ရွာသားတွေ ရှောင်လာတဲ့ဥစ္စာက ၂ နေရာ ရှောင်လာ တယ်ပေါ့နော်။ မော်တောင်းအုပ်စုထဲက မန့်ဟန်ကချင်ဘုရားကျောင်းနဲ့ မော်တောင်းဘုန်းကြီးကျောင်းပေါ့"

အဲဒီလို တိမ်းရှောင်လာတဲ့ ဒေသခံအိမ်ထောင်စု ၅၀ ကျော်ရှိပြီး လူဦးရေ ၁၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့အတွက် ဆန်၊ ဆီနဲ့ ငါးသေတ္တာဗူးတွေ စီစဉ်နေတယ်လို့လည်း ဦးဇော်မင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်မတော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ပူးပေါင်းထား တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ တပ်မတော်ကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။