နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဝင် ၂၃ ဦး နှုတ်ထွက်
2015.08.15

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်၂၃ ဦး ပါတီကနေ နှုတ်ထွက်လိုက်ကြပါတယ်။
ပါတီဗဟိုဌာနချုပ်နဲ့ သဘောထားမတူညီတဲ့အတွက် မနေ့က နှုတ်ထွက်လိုက်ကြတာလို့ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းအောင်ဝင်းက ပြောပါတယ်။
"ဘာကြောင့်လို့ ထွက်ရလဲဆိုတော့ အရင်တုန်းက ကျနော်တို့ ကျားခေါင်းပါတီက ပေါ်လစီကပြောင်းလဲသွားလို့ ကျနော်တို့ လက်မခံနိုင်တော့ဘူး၊ နောက်တစ်ချက်က နမ့်ခမ်းပြည်သူလူထု တောင်းဆိုထားတဲ့ဟာတွေ ဗဟိုကနေပြီးတော့ လုံးဝ လျစ်လျူရှုနေတဲ့အတွက်ကြောင့် ကျနော်တို့ အလုပ်အမှုဆောင်အဖွဲ့အားလုံးက နှုတ် ထွက်လိုက်ပါတယ်၊ မူဝါဒလမ်းစဉ်က သွေဖီသွားပြီဖြစ်တဲ့ကြောင့် အလုပ်အမှုဆောင်အဖွဲ့လည်း ဆက်လုပ်ပြီးတော့ ပါဝင်နိုင်တဲ့အခြေအနေမျိုးတော့ မရှိနိုင်တော့ဘူး၊ ဒါကြောင့် ကျနော်တို့က အမှုဆောင် အဖွဲ့အားလုံးက နှုတ်ထွက်လိုက်တာပါ"
အခုနှုတ်ထွက်လိုက်တဲ့ ပါတီဝင်တွေက လာမယ့်ရွေးကောက်ပွဲမှာ SNLD အနေနဲ့ မယှဉ်ပြိုင်ဖို့ သဘောထား ရှိကြသူတွေ ဖြစ်တဲ့အတွက် ပါတီကရွေးကောက်ပွဲဝင်မှာကို လက်မခံတာကြောင့် နှုတ်ထွက်တာလို့ သိရပါတယ်။
နမ့်ခမ်းမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာကို ငြင်းဆန်ခဲ့တဲ့မြို့နယ် အလုပ်အမှုဆောင် ကော်မတီ ဝင်တွေကို ပါတီဌာနချုပ်ဖက်က တာဝန်ကနေ ရပ်စဲထားတယ်လို့ SNLD ပါတီတွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။
ဒါ့အပြင် လစ်လပ်သွားတဲ့ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် ကော်မတီအတွက်လည်း ယာယီကော်မတီ ဖွဲ့စည်းဖို့် ညွှန်ကြားထားပြီးဖြစ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အပါအဝင် ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း စတဲ့မြို့နယ်တွေက မဲဆန္ဒနယ် ၁၆ဝ ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။