ဒါရိုက်တာရှင်ဒေဝီ ရိုက်ကူးတဲ့ RFA သတင်းဗီဒီယို ဂရေစီဆုရရှိ

2024.03.28
ဒါရိုက်တာရှင်ဒေဝီ ရိုက်ကူးတဲ့ RFA သတင်းဗီဒီယို ဂရေစီဆုရရှိ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီ။
Artist Ko Oo

လွတ်လပ်တဲ့အာရှအသံ (RFA) မြန်မာဌာနက ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ မြန်မာ့သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေအကြောင်း သတင်းစာဆရာမရှင်ဒေဝီရဲ့ ဗီဒီယိုဆောင်းပါးကို အမေရိကန်အခြေစိုက် ဂရေစီဆု အဖွဲ့ကြီးက အခုနှစ်အတွက် အကောင်းဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုပ်သံသတင်းတင်ဆက်မှုဆု ချီးမြှင့်လိုက်ပါတယ်။

ကွယ်လွန်သူ အမေရိကန်အနုပညာရှင် Gracie Allen (၁၈၉၅-၁၉၆၄) အမှတ်တရအဖြစ် ဂရေစီဆု (Gracie Awards) လို့အမည်ပေးထားတဲ့ ဒီဆုကို အမေရိကန်အခြေစိုက် အမျိုးသမီး မီဒီယာသမားများ ညွန့်ပေါင်းဖောင်ဒေးရှင်း (Alliance for Women in Media Foundation) က ချီးမြှင့်တာပါ။

"ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဆိုတဲ့ ဒီဗီဒီယိုဆောင်းပါးကို ရိုက်ကူးသူ သတင်းစာဆရာမ ရှင်ဒေဝီဟာ စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

ဒီဆုနဲ့ပတ်သက်ပြီး  RFA သတင်းဌာန အမှုဆောင်အယ်ဒီတာ မက်ပင်နင်တန် (Matthew Pennington) က… "ဒီဆုအတွက် မှတ်တမ်းတင် ဂုဏ်ပြုရမှာက သတင်းနဲ့ဆောင်းပါးတွေကို ရဲရဲရင့်ရင့် တင်ပြနေတဲ့ RFA မြန်မာဌာနနဲ့ သတင်းထောက်ရှင်ဒေဝီပါ။ မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုကြောင့် လူ့အသိုက်အဝန်းမှာပါ ဆိုးကျိုးတွေ ကျရောက်ရတဲ့အကြောင်း ရှင်ဒေဝီရဲ့ တင်ပြချက်တွေဟာ သတင်းလွတ်လပ်ခွင့် ဆာလောင်ငတ်မွတ်နေတဲ့ ပရိသတ်တွေအတွက် မရှိမဖြစ် အရေးပါတဲ့ ကွက်လပ်တစ်ခုကို ဖြည့်လိုက်တာပဲ ဖြစ်ပါတယ်။ RFA သတင်းဌာနအနေနဲ့ အခုလို ရှင်ဒေဝီ ဂုဏ်ပြုခံရတဲ့အပေါ် အထူးဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒါပေမယ့် သူ အခုလို ဆုရချိန်မှာ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့အတွက် အထူးဝမ်းနည်းမိပါတယ်။ ရှင်ဒေဝီဟာ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝပြီး အရည်အချင်းရှိတဲ့ သတင်းစာဆရာမတစ်ယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာဆုကို ကိုယ်တိုင် တက်ရောက်ယူနိုင်စေချင်လှပါတယ်" လို့ ပြောပါတယ်။

ရှင်ဒေဝီ ရိုက်ကူးတင်ပြသည့် "ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဗီဒီယိုမှ မျက်နှာဖုံးပုံ။ (Screenshot: RFA)
ရှင်ဒေဝီ ရိုက်ကူးတင်ပြသည့် "ကမ်းပါးပြိုခြင်းနှင့် လူမှုဘဝထိခိုက်မှုများ" ဗီဒီယိုမှ မျက်နှာဖုံးပုံ။ (Screenshot: RFA)

အခုလို ဆုရရှိတဲ့အတွက် ဝမ်းသာမိသလို တစ်ချိန်တည်းမှာပဲ စိတ်မကောင်းတာ၊ နာကျည်းခံပြင်းတာတွေ ခံစားရတယ်လို့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာကိုဦးက ပြောပါတယ်။ ဇနီးဖြစ်သူအပါအဝင် နိုင်ငံတစ်ဝန်းက လူတန်းစားပေါင်းစုံ ပြည်သူတွေ ဒုက္ခရောက်နေကြချိန်မှာ "လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ" လို့မျက်စိမှိတ်အော်နေပြီး ထိုင်ကြည့်နေနိုင်တဲ့ ကမ္ဘာကြီးကို အံ့ဩမိတယ်လို့လည်း ကိုဦးက ပြောပါတယ်။

ဒါရိုက်တာရှင်ဒေဝီဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ သံဃာတွေကို စစ်တပ်က အင်အားသုံးဖြိုခွဲတဲ့အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကို သိစေခဲ့တဲ့ သတင်းထောက်တစ်ဦး ဖြစ်ပါတယ်။ အဲဒီကာလအတွင်း ဒီဗွီဘီသတင်းဌာနအတွက် ပြည်တွင်းကနေ သတင်းတွေပေးပို့ခဲ့ပြီး စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာလည်း ခံခဲ့ရပါတယ်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူအဖြစ် ရပ်တည်ခဲ့ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ သူ့ရဲ့မှတ်တမ်းရုပ်ရှင်တွေဟာ ဆုတွေ ရရှိခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံအလယ်ပိုင်းက ပညာမသင်ကြားနိုင်တဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ ဘဝအကြောင်းကို သူရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ "Now I am 13" ဟာ Kota Kinab နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ငွေတံဆိပ်ဆုရခဲ့သလို ၂၀၁၄ ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ပါတယ်။

မန္တလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အကြောင်း ရိုက်ကူးထားတဲ့ "Brighter Future" မှတ်တမ်းရုပ်ရှင်ဟာ Art of Freedom Film Festival ရုပ်ရှင်ပြပွဲမှာ မှတ်တမ်းရုပ်ရှင်ဆု ရခဲ့ပါတယ်။ ပန်းချီဆရာတစ်ဦးရဲ့ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ''ရာဟုလာ'' မှတ်တမ်းရုပ်ရှင်ဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ အသိအမှတ်ပြုခံခဲ့ရပါတယ်။ ကချင်ဒုက္ခသည်စခန်းတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ Take Me Home ဟာလည်း ဝဿန်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ အွန်လိုင်းက မှာယူထားတဲ့ ဒရုန်းတစ်ခုကို သွားယူချိန် စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ အင်းစိန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်းထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။

ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ရုပ်ရှင်အနုပညာနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက တောင်းဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။