ဓါတ်ငွေ့ပိုက်လိုင်းအတွက် ဒေသ ခံတွေ လျော်ကြေးရမယ်


2016.08.13
shwe-pipeline-land-620.jpg တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို သွယ်တန်းထားတဲ့ ဓာတ်ငွေ့တွန်းပို့စက်ရုံနဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ရွှံ့ဖုံးပြီးပျက်စီးသွားတဲ့ လယ်ယာမြေတချို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက် က ဒေသခံတွေရဲ့ နစ်နာမှုတွေကို လျော်ကြေးပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ကွင်းဆင်းစိစစ်ရေးအဖွဲ့ဟာ ဒီနေ့ကစပြီး စိစစ်မှုတွေ ဆောင်ရွက်နေပါတယ်။

အမ်းမြို့နယ် အမ်းတောင်ကျေးရွာအုပ်စုက ရွာနှစ်ရွာမှာ စတင်စိစစ်ခဲ့တယ်လို့ ကွင်းဆင်းစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ရှေ့နေ ဦးဟန်မင်းလှိုင်က ပြောပါတယ်။

"ဒီနေ့ကျနော်တို့ အမ်းတောင်အုပ်စုကနေပြီးတော့ စိစစ်ခဲ့ပါတယ်၊ ပိုက်လိုင်းဖြတ်သန်းရာဒေသ တစ်လျှောက်မှာရှိတဲ့ တောင်သူတွေ မြေနေရာတွေကို တိုင်းတာပြီးတော့ စိစစ်ခဲ့ပါတယ်"

ပိုက်လိုင်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက် ဥယျဉ်ခြံတွေနဲ့ စိုက်ခင်းတွေ၊ လယ်ယာမြေတွေ ပျက်စီး ဆုံးရှုံးတာတွေအပေါ်မှာ အမှန်တကယ်လျော်ကြေးရ မရဆိုတာနဲ့ လျော်ကြေးငွေတွေဟာ အမှန်တကယ်ပျက်စီးဆုံး ရှုံးနေတဲ့ မြေပမာဏနဲ့ ကိုက်ညီခြင်း ရှိ မရှိ တို့ကို သက်ဆိုင်ရာဌာနတွေမှာရှိတဲ့ စာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေး သွားမှာဖြစ်ပါတယ်။

အမ်းမြို့နယ်က ပိုက်လိုင်းဖြတ်သန်းသွားရာ ကျေးရွာအုပ်စု ၉ ခုနဲ့ ကျေးရွာပေါင်း ၁၃ဝ ကျော်မှာ စိစစ်မှုကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပိုက်လိုင်းကြောင့် နစ်နာမှုတွေအတွက် အမ်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနမှူး ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က အမ်းမြို့နယ် ကံမြင့်ကန်ကျေးရွာမှာ သွားရောက်စစ်ဆေးရာမှာ အဖွဲ့မှာပါဝင်တဲ့ CNPC နဲ့ MOGE တာဝန်ရှိသူတွေက ငြင်းဆိုခဲ့ကြတာကြောင့် စစ်ဆေးမှုကို ရပ်နားခဲ့ရတာဖြစ် ပါတယ်။

အခုတစ်ကြိမ်မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ဦးဆောင်ပြီး တောင်သူကိုယ်စားလှယ်ပါဝင်တဲ့ အဖွဲ့နဲ့ စိစစ်မှုတွေကို စတင်ဆောင်ရွက်နေ တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။