ရွှေလက်ညှိုးသံချပ်အဖွဲ့ မြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေစဉ် မိုက်ပိတ်ခံရ
2018.04.15

"ဟိုထိုးဒီထိုးရွှေလက်ညိုးကျောင်းသားသံချပ်အဖွဲ့" မနေ့ညက မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ သြင်္ကန်သံချပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဆင်ဆာဖြတ်တောက်ထားတာတွေ ထည့်သွင်းပြီး သံချပ်ထိုးခဲ့ရာမှာ မိုက်ပိတ်ခံလိုက်ရ တယ်လို့ သံချပ်အဖွဲ့ဝင် တစ်ဦးက ဒီနေ့ ပြောပါတယ်။
သတ်မှတ်ပေးထားတဲ့ မိနစ် ၃၀ မပြည့်ခင် မိုက်ပိတ်ခံလိုက်ရတာလို့ သံချပ်အဖွဲ့က ဖျော်ဖြေရေးတာဝန်ခံ ကိုသိုက်ထွေးက ပြောပါတယ်။
"ကျနော်တို့ မနေ့တုန်းက ပြိုင်ပွဲမဝင်ခင် စည်းကမ်းချက်တွေ ဖတ်ပြတယ်၊ မိနစ် ၃၀ ပြည့်ရင် မိုက်ပိတ်မယ်ပေါ့ နော်၊ အမှန်အတိုင်းဆိုရင် ကျနော်တို့ သံချပ်ထိုးဖို့အတွက် ပြဇာတ်တွေပါတယ်၊ တခြား ပြောဆိုမှုတွေလည်း ပါတဲ့အတွက် ကျနော်တို့ မိနစ် ၃၀ နဲ့ လုံး၀ လုံလောက်မှု မရှိပါဘူး၊ အဲ့ဒီအတွက် ညှိတယ်၊ မိနစ် ၃၀ တော့ နည်းနည်းကျော်လိမ့်မယ်၊ နှုတ်သဘောအရ ကူညီခဲ့တယ်၊ မိနစ် ၃၀ ကျော်တာ အဆင်ပြေတယ်ပေါ့နော်၊ သို့သော်လည်းပဲ သူတို့ပေးထားတဲ့ မိနစ် ၃၀ ကို မပြည့်ဘူး၊ ကျနော်တို့ ၂၄ မိနစ်ပြည့်တဲ့အချိန် ကျနော်တို့ သံချပ် အဖွဲ့ကို မိုက်ကို ဖြတ်ပစ်လိုက်တယ်။ မန္တလေးကျုံးကိစ္စနဲ့ပတ်သက်ပြီး ထိုးတဲ့အချိန်မှာ အဲ့ဒါလည်းပြီးရော မိုက်ကို ချက်ခြင်းဖြတ်ပစ်ခံရတာပါပဲ"
ဆင်ဆာဖြတ်ခံရတဲ့ စာသားတွေက မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ပတ်သက်တဲ့ ဝေဖန်ချက်တွေ၊ ငြိမ်းချမ်းရေးကိစ္စနဲ့ ပတ်သတ်တဲ့အကြောင်းအရာတွေ ဆင်ဆာဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ကိုသိုက်ထွေးက ပြောပါတယ်။
သံချပ်စာသားအကြောင်းရေ ၃၀ ကျော်ကို ဆင်ဆာဖြတ်ခံခဲ့ရပေမယ့် မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ ဖျော်ဖြေတဲ့အချိန် ဆင်ဆာဖြတ်ခံရတဲ့ စာသားတွေကို ထည့်ပြီး သံချပ်ထိုးခဲ့ကြတာဖြစ်ပါတယ်။
ဟိုထိုးဒီထိုးရွှေလက်ညိုးသံချပ်အဖွဲ့ဟာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ စုစည်းတည်ထောင်ထားတာဖြစ်ပါတယ်။ သံချပ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့တွေထဲမှာ ဆင်ဆာအများဆုံးဖြတ်ခံခဲ့ရတဲ့အဖွဲ့လည်း ဖြစ်တယ်လို့သိရပါတယ်။