ဦးစားပေးထုတ်ပြန်သင့်တဲ့ ဥပဒေ ၄၈ ခုကို သူရဦးရွှေမန်းကော်မရှင် တင်ပြ
2016.09.12

သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင်က ဦးစားပေးပြဌာန်းဖို့လိုအပ်တဲ့ ဥပဒေ ၄၈ ခုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြ လိုက်ပါတယ်။
တည်ဆဲဥပဒေတွေဟာ အရင်ခေတ်အဆက်ဆက်က အစိုးရကို အကာအကွယ်ပေးတဲ့ ဥပဒေတွေလည်းရှိတဲ့ အတွက် ခေတ်ကာလနဲ့ညီ မညီ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်တာ၊ အသစ်ပြဌာန်းတာတွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ေရးကော်မရှင် ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"၎င်းဥပဒေများသည် လက်ရှိကျင့်သုံးနေတဲ့ ခေတ် စနစ် ကာလနှင့် ဆီလျော်မှု ညီညွှတ်မှု အကောင်အထည်ဖော်နိုင်မှု ရှိ မရှိကို လေ့လာစမ်းစစ်သုံးသပ်ပြီးတော့ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ပြဌာန်းခြင်းတို့ကို ဆောင်ရွက်မှသာ ပြုပြင်ပြောင်းလဲရေး မြန်ဆန်ထိရောက်မှာဖြစ်ပါတယ်"
ကော်မရှင်က ပြဌာန်းဖို့ ပေးပို့ထားတဲ့ ဥပဒေတွေထဲမှာ ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲရေး ဆိုင်ရာဥပဒေ၊ ကုန်အမှတ် တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ အမျိုးသမီးများ အား အကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ကလေး သူငယ်အခွင့်အရေး ဆိုင်ရာဥပဒေ၊ မသင်မနေရပညာရေး ဥပဒေ၊ နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေ ၊ ကျောင်းပြင်ပနဲ့ တစ်သက်တာပညာရေး ဥပဒေ၊ မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ ဥပဒေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဝန်ထမ်းဆိုင်ရာဥပဒေ စတဲ့ ဥပဒေ ၄၈ ခုတို့ ဖြစ်ပါတယ်။
ဥပဒေနဲ့ဆိုင်တဲ့ နည်းဥပဒေ၊ စည်းမျည်း ၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ၊ ညွှန်ကြားချက်နဲ့ လုပ်ထုံးလုပ် နည်းတွေကို ဆက်လက်ထုတ်ပြန်ရတာဖြစ်ပေမယ့် နည်းဥပဒေမထုတ်ပြန်နိုင်တဲ့ ဥပဒေတွေရှိနေကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။
နည်းဥပဒေ ရေးဆွဲထုတ်ပြန်ဖို့ ကြန့်ကြာနေတာ၊ ပျက်ကွက်နေတာတွေကြောင့် မူလဥပဒေရဲ့ ရည်ရွယ်ချက်၊ အကျိုးသက်ရောက်မှုနဲ့ ဥပဒေရဲ့ အကာအကွယ်ကို ပြည်သူတွေမရရှိကြောင်း အကောင်အထည်ဖော်ရမယ့်ဌာန၊ အဖွဲ့အစည်းတွေကလည်း ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတာ မသိရှိကြကြောင်းလည်း ထောက်ပြထား ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်က တင်ပြတဲ့ ဥပဒေ ၄၈ ခုကို ပြည်ထောင်စုလွှတ်တော်မှာ မှတ်တမ်းတင်ထားပါတယ်။