သူရဦးရွှေမန်း ကော်မရှင်နဲ့ ပတ်သက်တဲ့ လျှောက်ထားမှု ခုံရုံးပယ်ချ


2017.09.23
maungmaung-622 တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တွေ့ရစဉ်
Photo: Win Ko Ko Latt/ RFA

သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးခဲ့တဲ့အပေါ်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိ၊ မရှိစိစစ်ပေးဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ လျှောက်ထားမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက စက်တင်ဘာလ ၂၁ ရက်နေ့က ပယ်ချလိုက်ပါတယ်။

ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မသိရသေးကြောင်း ကန့်ကွက်လွှာပေးပို့ရာမှာ ဦးဆောင်ပါဝင်တဲ့ ဗိုလ်မှူး ချုပ်မောင်မောင်က ပြောပါတယ်။

"သူတို့ ဝက်ဘ်ဆိုက်မှာ တင်မယ်လို့တော့ပြောတယ်။ အဲဒါဆိုရင်တော့ ကျနော်တို့ သေချာတာလေးတော့ ပြန်တော့ ကြည့်လိုက်ပါဦးမယ်ခင်ဗျ။ လောလောဆယ်တော့ ထူးထူးခြားခြား ပြောစရာမရှိပါဘူးခင်ဗျ။ သူတို့စာတော့ ပို့မှာပါ။ ဝဘ်ဆိုက်လည်း တင်မှာပါ။ သေသေချာချာ ဂဃနဏသိမှပဲ ခုတော့ဘာမှ မပြောနိုင်သေးပါဘူးခင်ဗျ"

ပြည်ထောင်စုလွှတ်တော်မှာ ကော်မရှင်ဖွဲ့စည်းခြင်းကို လွှတ်တော်ဥပဒေမှာ ထည့်သွင်းပြဌာန်းထားပြီး အခြားဆက်စပ်ပုဒ်မတွေမှာ ကော်မရှင်ဆိုတဲ့ စကားရပ်ကို ထည့်သွင်းပြဌာန်းထားတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်နဲ့ ဆန့်ကျင်ခြင်းမရှိဘူးလို့ ဖဲ့ွစည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ပြီး တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တင်သွင်းလွှာကို ပလပ်လိုက်တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်မောင်မောင် ဦးဆောင်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အယောက် ၅၀ က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံ ကန့်ကွက်ကြောင်းနဲ့ အရေးယူဆောင်ရွက်နိုင်မယ့် အမိန့်တစ်ရပ်ချမှတ်ပေးဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ကန့်ကွက်လွှာတင်သွင်းခဲ့တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ဖွဲ့စည်းခွင့်ရှိတယ်လို့ ပြဌာန်းထားတာ မရှိကြောင်းနဲ့ ပြင်ဆင်ပြဌာန်းထားတဲ့၂၀၁၄ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၂) အရ ပြည်ထောင်စု လွှတ်တော်မှာ ကော်မရှင်ဖွဲ့စည်းဖို့ ထည့်သွင်းလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ ဆုံးဖြတ်ပေးဖို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို သဘောထားတောင်းခံခဲ့တာဖြစ်ပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်လွှာတင်သွင်းမှုကို ပြည်ထောင်စုလွှတ်တော် ကိုယ်စား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကန့်ကွက် လွှာတင်သွင်းခံရသူဘက်က ချေပရှင်းလင်းမှု မရှိဘူးလို့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၃၈ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဲဒီကော်မရှင် သက်တမ်းတစ်နှစ်ပြည့် စဉ်က သက်တမ်းတိုးဖို့ လွှတ်တော်ရဲ့ သဘောထားတောင်းခံရာ ဗိုလ်မှူးချုပ်မောင်မောင်က ဖွဲ့စည်းပုံနဲ့ မညီလို့ဆိုပြီး ကန့်ကွက်ခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတာကြောင့် ကော်မရှင်သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။