NCA စာချုပ်ချုပ်ဆိုနိုင်မှု ထောက်ခံ ပွဲတွေ ရှမ်းပြည်နယ်မှာ ပြုလုပ်


2015.10.23
lashio-nca-siging-celebrate-620.jpg ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အားကစားကွင်းမှာ အောက်တိုဘာ ၂၃ ရက်နေ့က NCA စာချုပ်ချုပ်ဆိုနိုင်တာကို ထောက်ခံ ကြိုဆိုနေစဉ်
Photo: Kan Thar/ RFA

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၈ဖွဲ့တို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်တဲ့ အပေါ် ထောက်ခံကြောင်း ဒေသခံပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေက ဒီကနေ့ ရှမ်းပြည်နယ် တောင်ကြီးနဲ့ လားရှိုးမြို့တွေမှာ ထောက်ခံကြိုဆိုပွဲတွေ ကျင်းပကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ ကချင်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ဝင် ဒေါ်နန်ဆိုင်းက မကြာခင်မှာ တိုင်းရင်းသားဒေသတွေမှာ ဖံ့ွဖြိုးရေးလုပ်ငန်းတွေ စတင်လာတော့မှာဖြစ်တဲ့အတွက် NCA စာချုပ်ချုပ်ဆိုနိုင်တာကို ထောက်ခံကြောင်း ပြောပါတယ်။

"NCA ပါ သဘောတူစာချုပ်များကို လက်တွေ့အကောင်အထည်ဖော်မှုအပေါ် အခြေခံပြီးနှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး လက်နက်ကိုင်ဒေသမှ ပြည်သူလူထုများအား မကြာမီကာလမှာ ငြိမ်းချမ်းရေးအသီးအပွင့်များကို စတင်ခံစားနိုင် မှာဖြစ်ခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ စတင်လာနိုင်တာနဲ့အမျှ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စတင်လာနိုင်မှာဖြစ်ပါတယ်ရှင်"

လားရှိုးမှာ ကျင်းပတဲ့ အခမ်းအနားကို လူဦးရေ ခြောက်ထောင်လောက် တက်ရောက်ခဲ့ပြီး တောင်ကြီး၊ နမ့်ဆန်နဲ့ သီပေါမြို့တွေမှာလည်း ဒီနေ့ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြပါတယ်။

ထောက်ခံပွဲကို တက်ရောက်လာတဲ့ ဒေသခံတချို့က အပစ်ခတ်ရပ်စဲရေးစာချုပ်ကို ရေရှည်တည်တံ့စေချင်ကြောင်းနဲ့ တည်ငြိမ်အေးချမ်းမှုမရှိသေးတဲ့ ဒေသတွေမှာ လည်း တိုက်ပွဲတွေ မရှိစေချင်ကြောင်း ပြောကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွေမှာ အလားတူ ထောက်ခံကြိုဆိုပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က နမ့်ကွတ်နဲ့ ဟိုဖျက်ကျေးရွာကြားမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ တပ်တွေဟာ ပြီးခဲ့တဲ့ ၂ရက်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နှစ်ရက်ဆက်တိုက် နှစ်ဘက်ပစ်ခတ်နေတာကြောင့် ရွာသားတွေက အနီးအနားကျေးရွာတွေကို ထွက်ပြေးနေကြတယ်လို့ နမ့်ကွတ်ကျေးရွာသူ ဒေါ်ဘောက်ဂျာ က ပြောပါတယ်။

သေနတ်သံတွေကို ကွတ်ခိုင်မြို့ပေါ်က ကြားနေရသလို တပ်ရဟတ်ယာဉ်တွေ နဲ့ စစ်ကားတွေဟာ ဟိုဖျက်ကျေးရွာဘက်ကို သွားနေတာကို တွေ့ရတယ်လို့လည်း ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်တစ်ဝိုက်မှာ အစိုးရတပ်ဘက်က တပ်မ ၉၉၊ တပ်မ ၈၈ တို့အပြင် ကွတ်ခိုင်အခြေစိုက် နယ်မြေခံတပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာ လို့သိရပါတယ်။

အဲ့ဒီဒေသတစ်ဝိုက်မှာ တအာင်းလက်နက်ကိုင်အဖွဲ့TNLA တပ်တွေလည်း ဖြတ်သန်းသွားလာနေတာဖြစ်ပြီး TNLA နဲ့ အစိုးရတပ်တို့ဟာ အခုလဆန်းပိုင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။