ဒုက္ခသည်ကိစ္စ စင်္ကာပူနဲ့ ထိုင်းဝန်ကြီးတွေ မြန်မာအစိုးရနဲ့ ဆွေးနွေးမည်
2018.10.24

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံနေကြတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေရဲ့အိမ်ပြန်ခရီး လုံခြုံစိတ်ချ ရစေဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်နဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန် တို့ ဒီလကုန်မှာ မြန်မာအစိုးရနဲ့ သွားရောက် ပြောဆိုဆွေးနွေးကြမှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာအိဖူဒင် အဗ္ဗဒူလာ က ပြောလိုက်ပါတယ်။
ဒီကိစ္စအတွက် သူတို့ကို ရွေးချယ်ရတဲ့အကြောင်းက စင်္ကာပူ က လက်ရှိ အာဆီယံ ဥက္ကဌဖြစ်ပြီး၊ ထိုင်း က နောက်လာမယ့် ဥက္ကဌ ဖြစ်တဲ့အတွက်ကြောင့်လို့လည်း ပြောဆိုပါတယ်။
မိုးရာသီကုန်တာနဲ့ ဒုက္ခသည်ပြန်ပို့ရေး စတင်ဖို့ရည်ရွယ်ထားတဲ့အတွက်၊ လာမယ့်နှစ်ဆန်းမှာ စတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း၊ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပေါ် မိသားစုဝင်တွေရဲ့ ဆောင်ရွက်မှုသဖွယ် ရှုမြင်သင့်ကြောင်းလည်း ပြောပါတယ်။
ပြီးခဲ့တဲ့လက နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံခဲ့ကြစဉ်အတွင်း၊ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ စိတ်ချလုံခြုံမှုရှိရှိ နေရပ်ပြန်နိုင်အောင်ကူညီဖို့ ဆုံးဖြတ်ခဲ့ကြကြောင်းလည်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။