သပိတ်မှောက်ကျောင်း သားတွေ နေရပ်ပြန်ကြဖို့ သီတဂူဆရာတော် မေတ္တာရပ်ခံ
2015.02.15

သပိတ်မှောက်ကျောင်းသားတွေ မိမိတို့အရပ်ဒေသတွေ မှာရှိတဲ့ မိဘဆရာတွေဆီ ပြန်ကြဖို့ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ က ကြေညာ ချက်တစ်စောင် ထုတ်ပြန်ပြီး မေတ္တာရပ်ခံလိုက်ပါတယ်။
ထိပ်တိုက်ပဋိပက္ခဖြစ်မှာ စိုးရိမ်တဲ့အတွက် ဆရာတော်ကြီး အနေနဲ့ အခုလိုကြညာချက် ထုတ်ပြန်ရ တာ ဖြစ်နိုင်ကြောင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)က ဆရာတော် တစ်ပါးဖြစ်တဲ့ အရှင်ကောဝိဒ သီရိက RFA ကို မိန့်ကြားပါတယ်။
"ဦးဇင်းကတော့ ထူးထူးထွေထွေလျှောက်စရာ မလိုဘူးထင်ပါတယ်၊ ဆရာတော်ရဲ့ စာထဲမှာပါ ပြီးသားထင်ပါတယ်၊ ဆရာတော်ကြီးက ဒီကလေးတွေနဲ့ ထိပ်တိုက်မတွေ့ စေချင်လို့ နဲ့တူတယ်၊ သူတို့ရဲ့လိုအင်ဆန္ဒလဲပြည့်သွားပြီလို့ထင်ပါတယ်၊ အောင်မြင်သွားပြီလို့ထင်တဲ့အတွက် ဆရာတော်ကြီးက ငယ်လဲငယ်၊ ပညာသင်ရမယ့်အရွယ်ရောက်နေတော့ မိဘများထံ သွားပြီးတော့ပညာ ဆက်သင်ခိုင်းတဲ့သဘောပါပဲ"
ကျောင်းသားတွေအနေနဲ့ အမျိုးသားပညာရေးဥပဒေအတွက် ဒီမိုကရေစီစနစ်နဲ့အညီ စားပွဲဝိုင်းပေါ် အထိ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး အောင်မြင်မှု ရအောင် ဆောင်ရွက်ခဲ့ကြတဲ့ အတွက် ဂုဏ်ယူမိကြောင်း၊ အစိုးရ၊ လွှတ်တော်၊ NNER နဲ့ သပိတ်မှောက်ကျောင်းသား တွေ တွေ့ဆုံညှိနှိုင်းမှုကနေ ရရှိလာတဲ့ ရလဒ်တွေဟာ ကောင်းမွန် လိမ့်မယ်လို့ ယုံကြည်ကြောင်း၊ ဒီအောင်မြင်မှုတွေကို ဂုဏ်ယူပြီး မိမိတို့ဆိုင်ရာ အရပ်ဒေသ အသီးသီးက မိဘ ဆရာသမားတွေရဲ့ ရင်ခွင်ကိုအမြန်ဆုံးပြန်လည်ခိုဝင်ပြီး အနာဂတ်တိုင်းပြည် အတွက် ဆက်လက်ပညာဆည်းပူးကြဖို့ အထူးမေတ္တာရပ်ခံလိုက်ကြောင်း သီတဂူကမ္ဘာဗုဒ္ဓ တက္ကသိုလ်တွေရဲ့ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ရဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။