စစ်တွေမှာလည်း စာမေးပွဲမေးခွန်း လွှာတွေ ပေါက်ကြား


2016.02.27
sittawe-cityboad-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့ကို တွေ့ရစဉ်
Photo:Min Thein Aung/RFA

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ဒီနေ့ စစ်ဆေးမယ့် ၉ တန်း စာမေးပွဲအတွက် ဇီဝဗေဒနဲ့ ဘောဂဗေဒဘာသာ ရပ်မေးခွန်း ၂ စောင်ဟာ မနေ့ညက ပေါက်ကြားခဲ့တာကြောင့် ဒီနေ့မနက် ၉ နာရီ စစ်ဆေးမယ့် စာမေးပွဲအချိန် ကို နေ့လည် ၁ နာရီမှသာ ပြောင်းရွှေ့စစ်ဆေးခဲ့ရပါတယ်။

မေးခွန်းတွေကြိုတင်ပေါက်ကြားသွားတဲ့အတွက် အခြားအရန်မေးခွန်းလွှာနဲ့ အစားထိုး စစ်ဆေးခဲ့ရတယ်လို့ စစ်တွေမြို့နယ် ပညာရေးမှူး ဦးသန်းကျော်က ပြောပါတယ်။

ဒီနေ့ စစ်ဆေးမယ့် ၉ တန်းစာမေးပွဲအတွက် ဇီဝဗေဒနဲ့ ဘောဂဗေဒဘာသာရပ် မေးခွန်း ၂ စောင်ဟာ မနေ့ည ၈ နာရီလောက်ကစတင်ပြီး အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ ပျံ့နှံ့နေခဲ့တာပါ။

အခုမေးခွန်းတွေက ဘာကြောင့် ပေါက်ကြားခဲ့တယ်ဆိုတာ မသိရှိရသေးပေမယ့် ဘယ်စာစစ်ဌာနက စတင်ပေါက်ကြားတယ်ဆိုတာကို စုံစမ်းမှုတွေဆောင်ရွက်သွားမယ်လို့ စစ်တွေမြို့နယ် ပညာရေးမှူး က ပြောပါတယ်။

စစ်တွေမြို့မှာ အထက်တန်းကျောင်း ၉ ကျောင်းရှိပြီး၊ ၉ တန်းကျောင်းသား ၂၄ဝဝ ကျော်လောက် ဖြေ ဆိုနေကြတာဖြစ်ကာ အဲ့ဒီမေးပွဲမေးခွန်းတွေကို စစ်တွေမြို့နယ် ပညာရေးမှုးရုံးက ထုတ်တာဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာ အခုနှစ်အတွက် ၉ တန်း အတန်းတင်စာမေးပွဲတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ဒီနေ့အထိ ၆ ရက်ကြာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။