မေးခွန်းပေါက်ကြားမှု အရေးယူခဲ့ကြောင်း ဝန်ကြီးပြောကြား
2016.05.05

ပြီးခဲ့တဲ့၂၀၁၅-၁၆ ပညာသင်နှစ်မှာ ၄ တန်းနဲ့ ၈ တန်း စာမေးပွဲမေးခွန်းတွေ မှားယွင်းတာ၊ ကြိုတင် ပေါက်ကြား တာတွေအတွက် တာဝန်ရှိသူတွေက တာဝန်ခံပေးဖို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးက ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။
ဒေါက်တာလှမိုးရဲ့ မေးမြန်းချက်ကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မေးခွန်းပေါက် ကြား အောင်ဆောင်ရွက်ခဲ့တဲ့ ကျောင်းအုပ်လေးဦးကို အရေးယူထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“မေးခွန်းပေါက်ကြားမှုဟာ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်”
မေးခွန်းတွေ မှားယွင်းဖော်ပြခဲ့တာတွေနဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို ပြည်ထောင်စုဝန်ကြီးက ဖြေကြားနိုင်ခြင်း မရှိသေးဘဲ ပြန်လည်စိစစ်ပြီးမှ ဖြေကြားနိုင်မယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ၁၉၇၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ စာစစ်အဖွ့ဲဥပဒေကို ဖျက်သိမ်းခြင်းမရှိဘဲ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ ဦးစီးဌာနအဖြစ် ထားရှိတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းရာမှာ ပညာရေးဝန်ကြီးဌာန လက်အောက်မှာ ထားရှိပေမယ့် သီးခြားရပ်တည်တဲ့အဖွဲ့အဖြစ် ၂၀၁၂ ခုနှစ်ကတည်းက ထားရှိထားပြီး ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး က ဖြေကြားခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးဟာ အရင်အစိုးရလက်ထက်က အခြေခံပညာဦးစီးဌာနမှာ ညွှန့်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့သူပြီး လက်ရှိအစိုးရလက်ထက်မှာ ပညာရေးဝန်ကြီး အဖြစ်တာ ဝန်ယူထားတာဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနလက်အောက်မှာ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ပြောင်းလဲဖွဲ့စည်းခဲ့တာရယ်၊ မွေးခွန်းပေါက် ကြားမှုတွေအပြင် မကွေးတိုင်းအတွင်းက အရည်အသွေးမမှီတဲ့ ကျောင်းဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြပြီး ပညာရေးဝန်ကြီးက ဖြေကြားခဲ့ပါတယ်။