စစ်တွေအကျဉ်းထောင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ အကျဉ်းသားတစ်ဦးပြော


2018.10.06
sittwe-prison-622 ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင် ကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က မြင်တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ မူးယစ်ဆေးမှုတွေနဲ့ပတ်သက်လို့ ညှဉ်းပန်းနှိပ်စက်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေအကြား ဒီနေ့မနက်က ပဋိပက္ခ ဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းသားတစ်ဦးက RFA ကို ပြောပါတယ်။

ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ အကျဉ်းသားတစ်ဦးက RFA ကို အခုလို ဆက်သွယ် ပြောဆိုခဲ့တာပါ။

"ထောင်ထဲမှာပေါ့နော် အကျဉ်းသားတွေကို မူးယစ်ဆေးသုံးတယ်ဆိုပြီးတော့ ဖမ်းတယ်။ လက်ထဲပစ္စည်းရလို့ ဒေါက်တပ်ခံရတယ်၊ အပြစ်ပေးခံရတယ်ဆိုရင် ဒီက အကျဉ်းကျနေတဲ့သူတွေက ဘာမှမပြောဘူး။ အခု လက်ထဲပစ္စည်းမရဘူး။ သူတို့ဖမ်းတယ်၊ နှိပ်စက်တယ်၊ အဲဒါကို မခံမရပ်နိုင်လို့ အကုန်လုံးပေါက်ကွဲပြီးတော့ ပြဿနာက ဖြစ်နေတယ်။ တိုက်ပိတ်ထားတာ၊ ဒေါက်တပ်ထားတာ၊ အပြစ်ပေးထားတာ လူ ၁၀ ကျော်နေပြီ။ ဖြစ်နေတာ သုံးရက်လောက် ရှိနေပြီ။ ဒီနေ့စဖြစ်တာကတော့ ၉ နာရီလောက်က စဖြစ်တာ။ မနေ့ကမနက် ၈ နာရီလောက်က အပြစ်မရှိတဲ့လူ ၈ ယောက်ကို ဖမ်းတယ် ညနေ ၁ ယောက်ဖမ်းတယ်။ ဒီနေ့မှာ သုံးယောက် ဖမ်းမယ်လို့ လုပ်တာမှာ အဲဒီလူတွေက အပြစ်မရှိဘူး ဘာညာပြောလို့ ဝန်ထမ်းတွေကို အကျဉ်းသားတွေက ရိုက်လို့ ဝန်ထမ်းတွေလည်း ဒဏ်ရာရလို့၊ အခု အကျဉ်းသားတွေလည်း ဒဏ်ရာရလို့ ဒီလိုဖြစ်နေတာ။ အခုပြောနေတာက အတွင်းထဲကနေပြီးတော့ သူတို့မသိအောင် ခိုးပြီးတော့ ပြောနေတာ"

ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တာဟာ အကျဆောင်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အကျဉ်းသားတွေရဲ့မနက်စာကိုပါ ထောင်အာဏာပိုင်တွေက ဖြတ်တောက်ထားတယ်လို့လည်း သူကပြောပါတယ်။

ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေအပေါ် အနိုင်ကျင့်မှုတွေရှိနေတာကြောင့် ထောင်ပိုင်နဲ့ ဒု ထောင်ပိုင်တွေ ကို တာဝန်ကနေ ရပ်နားပေးဖို့၊ ရိုက်နှက်ခံရတဲ့ အကျဉ်းသားတွေကို သတင်းမီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်တွေမြို့မိမြို့ဖတွေနဲ့ တွေ့ဆုံပေးဖို့ အကျဉ်းသားတွေက အော်ဟစ်တောင်းဆိုခဲ့ကြတယ်လို့လည်း ပြောပါတယ်။

ဒီနေ့မနက်က အကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူးက ပြဿနာနဲ့ပတ်သက်ပြီး ပြန်လည်စီစစ်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် အကျဉ်းသားတွေဘက်က တောင်းဆိုမှုကတော့ ရှိနေဆဲပဲလို့ အဲဒီအမည်မဖော်လိုတဲ့ အကျဉ်းသားက ပြောပါတယ်။

စစ်တွေအကျဉ်းထောင်တွင်းထဲမှာရှိနေတဲ့ ဝန်ထမ်းတစ်ချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖြစ်စဉ်တွေ ဖြစ်ပွားတာ မှန်ကန်တယ်လို့ အတည်ပြုကြပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပါဘူး။

ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းက အကျဉ်းသားတွေဟာ လိုအပ်ချက်တချို့ကို တောင်းဆိုတာသာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ RFA ကို ပြောပါတယ်။

"ထောင်ထဲမှာ နည်းနည်း လိုအပ်ချက်လေးတွေ တောင်းဆိုတာပါ၊ ဒါလေးပါ။ အေးအေးဆေးဆေးပါပဲ ခုချိန်မှာ။ ဘာမှမရှိပါဘူး အေးအေးချမ်းချမ်းပါ။ သူတို့လိုချင်တဲ့ဟာလေးတွေကလည်း သာမန် အသေးအဖွဲလေးတွေပါ။ ကျနော်တို့ ပြီးရင်တော့ ထုတ်ပြန်ပေးမှာပါ။ ဘာမှကိုမရှိပါဘူးဗျာ ထိခိုက်ဒဏ်ရာရတာ ဘာမှကိုမရှိဘူး"

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်နယ်အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးနဲ့ နေပြည်တော်က အကျဉ်းဦးစီးဌာန (ဗဟို) တို့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အတိအကျ ပြန်လည်ဖြေကြားတာမရှိပါဘူး။

အကျဉ်းထောင်ပတ်ဝန်းကျင်မှာ ရဲတပ်ဖွဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထားပြီး အကျဉ်းထောင်ရှေ့ကို သွားရောက်ခဲ့ကြတဲ့ သတင်းမီဒီယာသမားတွေကိုလည်း အန္တရာယ်ရှိတယ်ဆိုပြီး ခပ်ဝေးဝေးမှာနေကြဖို့ ရဲအရာရှိတွေက ပြောဆိုတားမြစ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။