စစ်တွေအကျဉ်းထောင် ပဋိပက္ခ အကျဉ်းဦးစီးတာဝန်ရှိသူတွေ စစ်ဆေး


2018.10.07
sittwe-jail-622.jpg ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ မနေ့က ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေအကြား ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန တာဝန်ရှိအကြီးအကဲတွေကိုယ်တိုင် ဒီနေ့ လာရောက်စစ်ဆေးနေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး မောင်မောင်စိုး က ပြောပါတယ်။

"သူတို့သက်ဆိုင်ရာ အကြီးအကဲတွေကိုယ်တိုင် ဒီမနက် ရောက်ရှိပြီးတော့ စစ်ဆေးနေပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အသေးစိတ်စစ်ဆေးနေတာပါ။ ဖြစ်စဉ်ဖြစ်ရပ်အပေါ် ဘယ်ကအခြေခံပြီးဖြစ်တာလဲ၊ နောက်ဘယ်သူ့မှာတာဝန်ရှိလဲ ဒါတွေကိုမူတည်ပြီး ပေါ်ပေါက်အောင် စစ်ဆေးမှာပေါ့"

စစ်တွေအကျဉ်းထောင်မှာ အချုပ်သားတွေကို တရားရုံးထုတ်ပြီး ပြန်သွင်းလာစဉ် စစ်ဆေးတေ့ွရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ်သက်ပြီး အကျဉ်းသား ကျော်ကျော် ဆိုသူကို တာဝန်ရှိသူတွေက စစ်ဆေးမေးမြန်းဖို့ သွားရောက်ခေါ်ယူရာမှာ ငြင်းဆန်ခဲ့တဲ့အတွက် အကျဉ်းထောင်တာဝန်ရှိသူတွေ သွားရောက်ထိန်းသိမ်းရာမှာ အကျဉ်းသားတွေက ထိုးကြိတ်ခဲ့ပြီး ထောင်မှူးနဲ့ ဝန်ထမ်းတစ်ဦးမှာ ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။

မနေ့က ပဋိပက္ခဖြစ်ပွားပြီးနောက် အကျဉ်းသားတွေရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီး အကျဉ်းသား ကိုယ်စားလှယ် ၆ ဦးနဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေ ညှိနှိုင်းကြရာမှာ ပြေလည်မှုရသွားခဲ့တဲ့အတွက် အခြေအနေတွေပုံမှန်ဖြစ်သွားပြီလို့လည်း ဒုတိယရဲမှူးကြီး မောင်မောင်စိုးက ပြောပါတယ်။

ဒါပေမဲ့ အကျဉ်းသားတွေရဲ့တောင်းဆိုချက်တွေက ဘာတွေလဲ၊ ဘာကြောင့်တောင်းဆိုကြတာလဲလို့ မေးမြန်းရာမှာတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

မနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီး အကျဉ်းသားတွေဖက်က ဒဏ်ရာရတာတွေ မရှိဘူးလို့လည်း ငြင်းဆိုပါတယ်။

အကျဉ်းထောင်ထဲက အမည်မဖော်လိုတဲ့ အကျဉ်းသားတစ်ဦးက မနေ့က RFA ကို ပြောချက်ကြားချက်အရ ထောင်တွင်းမူးယစ်ဆေးဝါးကိစ္စတွေနဲ့ ဆက်နွယ်ပြီး မသက်ဆိုင်တဲ့ အကျဉ်းသားတွေကိုပါ ထောင်အာဏာ ပိုင်တွေဖက်က ရိုက်နှက်တာ၊ နှိပ်စက်တာ၊ အပြစ်ပေးတာတွေ လုပ်ဆောင်တဲ့အတွက် အကျဉ်းသားတွေဖက်က မကျေမနပ်ဖြစ်ပြီး ပဋိပက္ခဖြစ်ပွားရာမှာ အကျဉ်းသား တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။