ကျူးကျော်ဈေးဆိုင်တွေကို မန္တလေးစည်ပင်အရေးယူနေ
2016.07.17

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နမိတ် ၆ မြို့နယ်အတွင်း စည်ပင်မြေပေါ် ကျူးကျော်ဖွင့်လှစ် ထားတဲ့ ဈေးဆိုင်တွေကို မန္တလေးစည်ပင် သာယာရေးကော်မတီက မနေ့ကစပြီး စစ်ဆေးအရေးယူမှုတွေပြု လုပ်နေပြီ ဖြစ်ပါတယ်။
မနေ့က မန္တလေးမြို့ ၂၆လမ်း နဲ့ ၁၉ လမ်းဘက်မှာ စစ်ဆေးခဲ့ရာ ကျူးကျော်ဖွင့်လှစ်ထားတဲ့ ဆိုင်တွေတွေ့ရှိခဲ့တဲ့ အတွက် အရေးယူထားတယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရဲတပ်ဖွဲ့ မန္တလေးတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းအောင် က ပြောပါတယ်။
"မနေ့က ၁၆ ရက်နေ့ကနေစပြီးတော့ ကျနော်တို့ ကြေညာထားတဲ့ လမ်းတောက်လျှောက် စိစစ်ပြီးတော့ အရေးယူနေပါတယ်၊ လိုက်နာတဲ့သူတွေတော့ တော်တော်များများရှိပါတယ် ဒါပေမဲ့ မလိုက်နာတဲ့ သူတွေလည်းရှိတယ်၊ မနေ့က ၂၆ လမ်းနဲ့ ၂၉ လမ်းဆို ကျနော်တို့ အမှုပေါင်း ၁၂ မှုလောက် မိတာပေါ့၊ ဒဏ်ငွေ ၁ သောင်းကနေ ၅ သောင်းပေါ့နော် ဥပဒေနဲ့အညီပဲ သူတို့သန့်ရှင်းရေးဌာနမှာ သွားဆောင်ရမယ်၊ တကယ်လို့ အဲ့ဆိုင်တွေကထပ်ပြီးတော့ ဖောက်ဖျက်တယ်ဆိုရင် ဥပဒေမှာက အယူခံကာလကို ၁ လ သက်မှတ်ထားတာရှိပါတယ်၊ အဲ့ဒီ အယူခံကာလကျော်လွန်ပြီးသွားပြီဆိုရင် စည်ပင်သာယာ အထူးတရားရုံး ကို တရားစွဲတင်သွားမှာပါခင်ဗျ၊ အဲ့ဒီမှာဆိုရင်တော့ ထောင်ဒဏ်အထိ ပါတယ်"
မန္တလေးမြို့တော် စည်ပင်သာယာနယ်နမိတ်မှာ ပါဝင်တဲ့ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရ စတဲ့ ၆ မြို့နယ်မှာ ကျူးကျော်ဆိုင်တွေကို စစ်ဆေးအရေးယူနေ တာ ဖြစ်ပါတယ်။
စည်ပင်ဥပဒေတွေနဲ့ အရေးယူခံရမယ်ဆိုရင် ပြစ်မှုအလိုက် ငွေဒဏ် ကျပ် ၁ သိန်း ကနေ ၅ သိန်း ဒါမှမဟုတ် ထောင်ဒဏ် ၁ လ ကနေ ၁ နှစ်အထိ ပြစ်ဒဏ်ကျ ခံရနိုင်ပါတယ်။
ဒါ့အပြင် လူသွားလမ်း ပလက်ဖောင်းတွေပေါ်မှာ ပြောင်းရွှေ့ဖို့မလွယ်တဲ့ ပစ္စည်းတွေကို ထားရှိတဲ့ ပိုင်ရှင်တွေအနေနဲ့ ၁ စတုရန်းပေကို ငွေကျပ် ၅၀၀ နှုန်းနဲ့ လစဉ် စည်ပင်သာယာရေးကော်မတီထံ အခွန်ပေးဆောင်ဖို့ ညွှန်ကြားသွားမယ်လို့လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတွေ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိကို ပညာပေးကာလအနေနဲ့ သတ်မှတ်ပြီး နောက်ပိုင်းမှာ စစ်ဆေးအရေးယူတာတွေ ပြုလုပ်သွားမယ့် အကြောင်း အများပြည်သူသိရှိအောင် သတိပေးစာတွေ၊ သတင်းစာတွေ၊ ဖေ့စ်ဘွတ်တွေကနေတစ်ဆင့် ကြေညာခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။